တာဗာရက်စ်ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း လာဇီယို အတည်ပြု
လာဇီယိုအသင်းကတော့ အာဆင်နယ်စတား တာဗာရက်စ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့သလို မေဆင်ကိုခေါ်ယူနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။ လာဇီယိုနဲ့ အာဆင်နယ်တို့ကြား တာဗာရက်စ်အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ အသင်းဒါရုက်တာ မာရီယာနိုက အတည်ပြုခဲ့ပါတယ်။
“လာဇီယိုက တာဗာရက်စ်ကို တကယ်စိတ်ဝင်စားခဲ့တာပါ။ ၂ သင်းကြား မနေ့ကသဘောတူညီမှုရရှိခဲ့ပါတယ်။ အဲ့နောက် ကစားသမားနဲ့ သူ့ရဲ့အေးဂျင့်တို့ကြားမှာ သဘောတူညီမှုရယူရပါဦးမယ်။ ကျွန်တော်ကတော့ ပိုပြီးယုံကြည်မှုရှိနေပါတယ်။ လာဇီယိုကစားသမားဖြစ်ပြီလို့ ကျွန်တော်မပြောပါဘူး။ ဒါပေမယ့် ဖြစ်လာဖို့တော့ အခွင့်အရေးများနေပါတယ်”လို့ မာရီယာနိုက ပြောကြားခဲ့ပါတယ်။
တာဗာရက်စ်ဟာ နော်တင်ဟမ်မှာ တစ်နှစ်အငှားထွက်ကစားခဲ့ပြီးနောက် အာဆင်နယ်ထံပြန်လာခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲစုံ ၁၂ ပွဲ ပါဝင်ကစားခဲ့ပါတယ်။ ရိုမာနိုကတော့ လာဇီယို နဲ့ အာဆင်နယ်တို့ကြား ကနဦးအငှား + ယူရို ၇ သန်း နဲ့ ၈ သန်းကြား အပြီးသတ်ခေါ်ယူခွင့်နဲ့ သဘောတူညီမှုရရှိခဲ့တယ်လို့ ဆိုပါတယ်။
မာရီယာနိုက တာဗာရက်စ်အပြောင်းအရွှေ့အပြင် ယူနိုက်တက်စတား မေဆင်ကိုလည်းခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်တုန်းက စကားပြောပြီးပါပြီ။ အခုလည်း ယူနိုက်တက်နဲ့ အဆက်အသွယ်ရှိနေဆဲပါ။ အခြားအသင်းတွေကလည်း စိတ်ဝင်စားနေပါတယ်။ အပြိုင်ခေါ်ယူရနိုင်တာတွေတော့ရှိပါတယ်”လို့ မာရီယာနိုက မေဆင်အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
ဒီဇာဘီရဲ့မာဆေးလ်အသင်းကလည်း ယူနိုက်တက်စတားကို ချိတ်ဆက်နေပြီး အသင်းပရိသတ်တွေကတော့ မေဆင်အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ဆန္ဒပြနေကြပါတယ်။