The network connection is lost.

Banner Image

ရင်ဆိုင်ရအခက်ခဲဆုံး ပြိုင်ဘက်ကစားသမားရဲ့အမည်ကို ထုတ်ဖော်ပြောကြားလာတဲ့ ယာမယ်လ်

ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်ကစားသမားလေး လာမိုင်းယာမယ်လ်က သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ရင်ဆိုင်ရအခက်ခဲဆုံးနဲ့ ကျော်ဖြတ်ရအခက်ခဲဆုံးကစားသမားရဲ့အမည်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 


အသက်-၁၇ နှစ်အရွယ်သာရှိသေးပေမယ့် ယာမယ်လ်ဟာ ဘာစီလိုနာအတွက်သာမက စပိန်လက်ရွေးစင်အသင်းအတွက်ပါ အလွန်အရေးပါတဲ့ကစားသမားတစ်ယောက်အဖြစ် ရပ်တည်ထားနိုင်တာကြောင့် ဥရောပတစ်ဝှမ်း ထိပ်တန်းနောက်ခံကစားသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ 
တောင်ပံကစားသမားဟာ ချန်ပီယံလိဂ်နဲ့ လာလီဂါလိဂ်မှာ နောက်တန်းကစားသမားအများအပြားနဲ့ ရင်ဆိုင်ခဲ့ဖူးသလို၊ ၂၀၂၄ ယူရိုပြိုင်ပွဲမှာလည်း နိုင်ငံတကာက ထိပ်တန်းကစားသမားတွေနဲ့ တွေ့ကြုံခဲ့ရတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကစားသမားက သူ့အတွက် ရင်ဆိုင်ရအခက်ခဲဆုံးပြိုင်ဘက်မှာ ဂျာမနီနောက်ခံလူ ဒေးဗစ်ရာယမ်ဖြစ်တယ်လို့ဆိုလာပြီး နောက်ခံကစားသမားရဲ့ ခွန်းအားကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 


ယာမယ်လ်နဲ့ ရာယမ်တို့ဟာ စပိန်နဲ့ဂျာမနီတို့ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၂၀၂၄ ယူရိုကွာတားဖိုင်နယ်အဆင့်မှာ ပြိုင်ဘက်တွေအဖြစ်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး လူငယ်ရွှေဘောလုံးဆုရှင်ဟာ အဆိုပါပွဲစဉ်မှာ နိုင်ငံအသင်းအတွက် အရေးပါတဲ့ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ 
ယခုအခါမှာတော့ ယာမယ်လ်က “ကျွန်တော့်အတွက် ရင်ဆိုင်ရအခက်ခဲဆုံးနောက်ခံလူက ဒေးဗစ်ရာယမ်ပါ။ သူက ဂျာမနီနဲ့ လိုက်ပ်ဇစ်အသင်းရဲ့ဘယ်နောက်ခံလူပါ။ ယူရိုပြိုင်ပွဲ ကာတွားဖိုင်နယ်အဆင့်မှာ သူနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး သူက ရင်ဆိုင်ရခက်ခဲတဲ့နောက်ခံလူတစ်ယောက်ဆိုတာ သက်သေပြသခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 
အဆိုပါပွဲစဉ်မှာ စပိန်ဟာ ဂျာမနီကို ၂-၁ နဲ့အနိုင်ရခဲ့ကာ နောက်တစ်ဆင့်ကိုတက်လှမ်းနိုင်ခဲ့ပေမယ့် အသင်းရဲ့နောက်ခံလူ မာ့ခ်ကူကူရယ်လာတစ်ယောက် ဂိုးဧရိယာအတွင်း ဘောလုံးကို လက်နဲ့ ထိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဂျာမနီအတွက် ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ခြင်းမရှိလို့ အငြင်းပွားစရာအချို့တော့ ကြုံတွေ့ခဲ့ရပါတယ်။ 


လက်ရှိအချိန်မှာတော့ ယာမယ်လ်ဟာ လီဂါနက်စ်ကိုရှုံးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာကြောင့် အနားယူနေရပြီး ယနေ့နံနက်က အက်သလက်တီကိုမက်ဒရစ်ကို ၁-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။