
ယာမယ်လ်က ရပ်တန့်လို့မရတဲ့ ကစားသမားဖြစ်တယ်လို့ ဝန်ခံလာတဲ့ ဒက်စ်ချမ့်စ်
ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာဒက်စ်ချမ့်စ်က စပိန်အသင်းရဲ့ ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ဟာ ရပ်တန့်လို့မရတဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးကျူးလာခဲ့ပြီး ဘယ်အသင်းကမှ ဆယ်ကျော်သက်ကစားသမားကိုထိန်းချုပ်ဖို့ အဖြေမရှာနိုင်သေးဘူးလို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
လာမယ့် ဇွန်လ ၆ ရက်နေ့မှာ စပိန်နဲ့ပြင်သစ်တို့ဟာ နေရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် ကစားသွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မတိုင်မီမှာ ဒက်စ်ချမ့်စ်က ယာမယ်လ်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ဒက်စ်ချမ့်စ်က လက်ရှိဘောလုံးလောကမှာ ယာမယ်လ်ကို ဘယ်အသင်းကမှ ထိန်းချုပ်နိုင်မှာဟုတ်ကြောင်းနဲ့ စပိန်ကိုအနိုင်ရလိုပါက အဆိုပါ ၁၇ နှစ်အရွယ်ကစားသမားကို အဓိက အာရုံစိုက်သွားဖို့လိုအပ်လိမ့်မယ်လို့ဆိုပါတယ်။
ဒက်စ်ချမ့်စ်က "ယာမယ်လ်ကိုရပ်တန့်ဖို့အတွက် နည်းမှန်လမ်းမှန်နဲ့ ချဉ်းကပ်နိုင်တာ ဘယ်အသင်းမှမရှိသေးပါဘူး။ စပိန်အသင်းက ဥရောပမှာသာမက ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းဖြစ်နိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ အသက်-၁၈ နှစ်မပြည့်ခင်မှာပဲ ယာမယ်လ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းဝင်ဖြစ်နေပြီး ဘောလွန်းဒီအော်ဆုအတွက်ပင် ရေပန်းစားနေတာဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်အနေနဲ့ နေရှင်းလိဂ်ဗိုလ်လုပွဲသို့တက်ရောက်လိုပါက ဘာစီလိုနာကြယ်ပွင့်ကို ထိန်းချုပ်နိုင်ဖို့ အဓိက ကြိုးစားသွားရမှာဖြစ်ပါတယ်။
ယာမယ်လ်အနေနဲ့ ပြင်သစ်နဲ့ယှဉ်ပြိုင်သွားရမယ့် နေရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်သွားဖွယ်ရှိပြီး အဆိုပါပွဲစဉ်မှာ အနိုင်ရခဲ့ရင်တော့ နောက် ၃ ရက်အကြာမှာကျင်းပသွားမယ့် ဗိုလ်လုပွဲမှာ ဂျာမနီ သို့မဟုတ် ပေါ်တူဂီနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။