
အိုဆာဆူနာနဲ့ပွဲစဉ်မှာ အလွန်ဆိုတောင်းဆိုခဲ့တဲ့အရာကို ထုတ်ဖော်ပြောပြလာတဲ့ အမ်ဘာပေ
ဒီနေ့မနက်ပိုင်း၊ အိုဆာဆူနာနဲ့ရင်ဆိုင်ရတဲ့ လာလီဂါရာသီအဖွင့်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က တိုက်စစ်မှူးအမ်ဘာပေရဲ့ပယ်နယ်တီသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပွဲစဉ်အပြီးမှာ အမ်ဘာပေက သူ့ရဲ့ကိုယ်ပိုင်စိတ်နေစိတ်ထားဟာ ရီးရဲလ်မက်ဒရစ်အတွက် ကွဲပြားခြားနားမှုတွေ ဖန်တီးပေးနိုင်လိမ့်မယ်လို့ ခံစားနေရကြောင်း ရှင်းပြသွားခဲ့ပါတယ်။
ပွဲစဉ်အပြီး Marca နဲ့တွေ့ဆုံချိန် အမ်ဘာပေက ဘာနေဗျူးရဲ့ခက်ခဲကြမ်းတမ်းလှတဲ့ မိနစ် ၉၀ စာ အခိုက်အတန့်တစ်ခုအတွက် သူ့ရဲ့အကဲဖြတ်ချက်ကို ထုတ်ပြန်ပေးသွားပါတယ်။ အမ်ဘာပေက “ ကျွန်တော်တို့အတွက် အိမ်ကွင်းနိုင်ပွဲတစ်ခုနဲ့အတူ စတင်နိုင်ဖို့ အလွန်အရေးကြီးခဲ့ပါတယ်။ ဒါက ခက်ခဲမယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့နဲ့ရင်ဆိုင်ဖို့ အိုဆာဆူနာမှာ ရှင်းလင်းပြတ်သားလှတဲ့ အစီအမံတစ်ခုရှိခဲ့ပါတယ်။ ပြီးတော့ သူတို့ဆီမှာ ဘူဒီမာလိုကစားသမားမျိုးလည်း ရှိပါတယ်။ ပထမပိုင်းမှာဆို ကျွန်တော်တို့အတွက် နေရာလွတ်တောင် မရရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ စောစောစီးစီးပဲ ကျွန်တော်တို့ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်း အခွင့်အရေးပိုမိုဖန်တီးပြီး ပွဲကိုလည်း ပိုပြီး ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒုတိယဂိုးသွင်းယူချင်ပေမယ့် မဖြစ်လာခဲ့ပါဘူး။ နိုင်ပွဲအတွက် ပျော်ရွှင်မိပြီး နောက်ပွဲစဉ်တွေဆီ ဆက်သွားရပါမယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ပြင်သစ်တိုက်စစ်မှူးက အိုဆာဆူနာနဲ့ရင်ဆိုင်ရချိန် အသင်းဆီမှ အလွန်ဆိုတောင်းဆိုခဲ့တဲ့အရာကို အတိအကျရှင်းလင်းပြသသွားခဲ့ပါတယ်။ အမ်ဘာပေက ဘောလုံးပိုင်ဆိုင်မှုထိန်းချုပ်နိုင်ခြင်းကို သူတို့ရဲ့နည်းပြသစ်ကိုယ်တိုင် အဓိကအာရုံစိုက်ခဲ့တယ်လို့ မှတ်ချက်ပြုပါတယ်။
တိုက်စစ်မှူးက “ အလွန်ဆိုက ကျွန်တော်တို့ကို ဘောလုံးပိုင်ဆိုင်မှု ပိုပြီးရှိနေစေချင်တယ်။ ဒါမှသာ ကိုယ့်ပြိုင်ဘက်အသင်းအတွက် တိုက်စစ်ဆင်ဖို့ နေရာလွတ်တွေ၊ ဘောလုံးကစားဖို့အခွင့်အရေးတွေ မရရှိနိုင်မှာပါ။ အားလပ်ရက်အပြီးမှာ ဒီအပိုင်းက ကျွန်တော်တို့တိုးတက်ဖို့ လိုအပ်နေသေးတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အပေါင်းလက္ခဏာဆောင်ခဲ့ပါတယ်”လို့ ဆိုပါတယ်။
ပွဲစဉ်တစ်ခုကို အနိုင်ရရှိအောင် ကူညီပေးပြီးနောက် ပုဂ္ဂိုလ်ရေးခံစားချက်အရ အကောင်းဆုံးအခြေအနေတစ်ရပ်မှာ ရှိနေတယ်လို့ အမ်ဘာပေက ရှင်းပြပါတယ်။ သူက “ ကျွန်တော့်ရဲ့ခံစားချက်တွေ အရမ်းကောင်းနေပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးအရာကတော့ အသင်းကို အမြဲတမ်းကူညီပေးနေဖို့ပါပဲ။
တိုက်စစ်ပိုင်းပဲဖြစ်ဖြစ်၊ ခံစစ်ပိုင်းပဲဖြစ်ဖြစ် ကိစ္စတိုင်းကို ကူညီပေးသွားရပါလိမ့်မယ်။ ကျွန်တော့်မှာသာ အသင်းကိုကူညီပေးဖို့ စိတ်ဓါတ်ကောင်းတစ်ခုရှိနေမယ်ဆိုရင် ကျွန်တော်တို့အသင်း နိုင်ပွဲအများကြီး ရရှိသွားပါလိမ့်မယ်”လို့ ပြောပါတယ်။