
အာဆင်နယ်ကို ဘာကြောင့် အသာရနိုင်သလဲဆိုတာ ရှင်းပြလာတဲ့ ခဗာရက်စ်ခီလီယာ
ပီအက်စ်ဂျီတောင်ပံကစားသမား ခဗီချာခဗာရက်စ်ခီလီယာက အသင်းဟာ ယခုနှစ်ရာသီ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွေမှာ အင်္ဂလိပ်အသင်းတွေနဲ့ပဲ ထိပ်တိုက်တွေ့ဆုံပြီး ကျော်ဖြတ်နိုင်ခဲ့သလို ယခုဆီမီးဖိုင်နယ်အဆင့် အာဆင်နယ်နဲ့ ပွဲစဉ်မှာ အတွေ့အကြုံတွေကို အသုံးချနိုင်မှာဖြစ်လို့ အသာရနိုင်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ရှုံးထွက် ၁၆ သင်းအဆင့်မှာ လီဗာပူးကို အနိုင်ယူကျော်ဖြတ်ခဲ့သလို၊ ကွာတားဖိုင်နယ်မှာလည်း နောက်ထပ် အင်္ဂလိပ်ကလပ်တစ်ခုဖြစ်တဲ့ အက်စတွန်ဗီလာကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ပီအက်စ်ဂျီဟာ ဆီမီးဖိုင်နယ်မှာ အင်္ဂလိပ်ကလပ် အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားဦးမှာဖြစ်ပါတယ်။
ဒါကြောင့် ခဗာရက်စ်ခီလီယာက အသင်းအနေနဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာလည်း အသာရဖို့ အခွင့်အရေးရှိနေကြောင်းကို "တစ်ဖက်မှာ ဒီလိုအာဆင်နယ်နဲ့ထိပ်တိုက်တွေ့ဆုံရတာ ကောင်းပေမယ့် အခြားတစ်ဖက်မှာတော့ မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ကစားဟန်ကို သူတို့ ကောင်းကောင်းသိနေလောက်ပါပြီ"
"ကျွန်တော်တို့လည်း သူတို့ရဲ့ပွဲစဉ်တွေကို ကြည့်ခဲ့ပြီး အင်္ဂလိပ်ဘောလုံးကစားနည်းကို အတော်အတန်သဘောပေါက်နေပါပြီ။ လီဗာပူး၊ အက်စတွန်ဗီလာတို့နဲ့ ကစားခွင့်ရခဲ့တဲ့အတွက် ပိုပြီးတော့ နားလည်လာပါတယ်။ ဒါပေမယ့် သူတို့နဲ့ရင်ဆိုင်ခဲ့ရတာ မလွယ်ပါဘူး။ သူတို့နဲ့ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံက အာဆင်နယ်နဲ့ပွဲအတွက် အကူအညီပေးနိုင်မယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ပြင်သစ်လီဂူးဝမ်းအမှတ်ပေးဖလားကို ဆွတ်ခူးထားနိုင်ခဲ့ပြီးဖြစ်လို့ လက်ရှိအချိန်မှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကိုပဲ အပြည့်အဝ အာရုံစိုက်နေမှာဖြစ်ပါတယ်။ဆက်လက်ပြီး ခဗာရက်စ်ခီလီယာက "ကျွန်တော့်အမြင်မှာတော့ ချန်ပီယံလိဂ်က အကြီးကျယ်ဆုံး ဘောလုံးပြိုင်ပွဲပါပဲ။ ဒီမှာကစားခွင့်ရဖို့က ကစားသမားတိုင်းရဲ့အိပ်မက်ပါ။ ပြီးတော့ ဒီမှာကစားခွင့်ရတဲ့ကစားသမားတိုင်း အနိုင်ရချင်ကြပေမယ့် မယုံနိုင်လောက်အောင်ခက်ခဲပါတယ်"
"ဒီအဆင့်ကိုရောက်ဖို့က ဘယ်အသင်းအတွက်မဆို ခက်ခဲမှာပါ။ ပြိုင်ပွဲနာမည်ကိုက ချန်ပီယံလိဂ်ပါ။ ဒါက ချန်ပီယံတွေရဲ့ပြိုင်ပွဲပါပဲ။ အသင်းတိုင်းမှာ ဆုဖလားကိုဆွတ်ခူးနိုင်တဲ့ ကြိုးစားအားထုတ်မှုနဲ့ စွမ်းရည်တွေရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း လာမယ့်ပွဲစဉ်အတွက် အပြည့်အဝအာရုံစိုက်ထားဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက နာပိုလီမှ ပီအက်စ်ဂျီသို့ ပေါင် ၆၂.၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ခဗာရက်စ်ခီလီယာဟာ အသင်းအတွက် အရေးပါတဲ့သွင်းဂိုးတွေ သွင်းယူထားနိုင်ပြီး တောက်ပတဲ့ခြေစွမ်းတွေပြသထားနိုင်ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာလည်း ဂျော်ဂျီယာလက်ရွေးစင်အနေနဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် ဘယ်လောက်အထိ စွမ်းဆောင်ပြသွားနိုင်မလဲ စောင့်ကြည့်ရပါမယ်။