
အန်ဆယ်လော့တီနဲ့ ပြန်လည်ပေါင်းဆုံဖို့ အဆင်သင့်ရှိနေတဲ့ ဘရာဇီးဂန္ထဝင်ဟောင်း
သတင်းတွေအရ ဘရာဇီးဂန္ထဝင်ကွင်းလယ်လူဟောင်း ကာကာတစ်ယောက် နိုင်ငံအသင်းမှာ အန်ဆယ်လော့တီနဲ့အတူ တွဲဖက်တာဝန်ယူဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။ အီတလီ ၊ ပြင်သစ် ၊ စပိန် ၊ အင်္ဂလန်မြေတွေမှာ နှစ်ပေါင်း ၃၀ ကျော်ကြာဖြတ်သန်းခဲ့ပြီးနောက် အန်ဆယ်လော့တီတစ်ယောက် အတွေ့အကြုံအသစ်အဖြစ် နိုင်ငံအသင်းနဲ့အတူ စတင်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။
အခုလအစောပိုင်းတုန်းကလည်း ဘရာဇီးအသင်းက အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။အန်ဆယ်လော့တီနဲ့အတူ အေစီမီလန် နဲ့ ဘရာဇီးဂန္ထဝင်ဟောင်း ကာကာကလည်း လက်တွဲချင်နေပြီး လက်ထောက်နည်းပြလုပ်ချင်နေပါတယ်။
Caze TV နဲ့အင်တာဗျူးမှာ အသက် ၄၃ နှစ်သားက “တကယ်လို့ အခွင့်အရေးရှိလာခဲ့ရင် ကျွန်တော် ဘရာဇီးအသင်းထံပြန်ဖို့အသင့်ပါပဲ။ ကျွန်တော် ပြင်ဆင်ပြီးသားပါ။ ၂၀၁၇ ကတည်းက ကျွန်တော် ပြင်ဆင်ချင်ခဲ့တာပါ။ ဟားဗက်စ်မှာ ကျွန်တော် အားကစားနဲ့ဆိုင်ရာမေဂျာတစ်ခုယူထားနိုင်ခဲ့ပါပြီ။ ဘရာဇီးမှာလည်း ကျွန်တော်နည်းပြလိုင်စင်ယူထားနိုင်ခဲ့ပါပြီ။ နိုင်ငံအသင်းအတွေ့အကြုံလည်း ကမ္ဘာ့ဖလားမှာရထားခဲ့ပါပြီ”လို့ ကာကာက ဖြေကြားခဲ့ပါတယ်။
အန်ဆယ်လော့တီဟာ အခုစနေနေ့မှာ ရီးရဲလ်အသင်းရဲ့နောက်ဆုံးပွဲအဖြစ် ဆိုစီဒက်နဲ့ပွဲကို ကိုင်တွယ်မှာဖြစ်ပြီး ချန်ပီယံဆုကိုတော့ ဘာစီလိုနာထံလက်လွှဲပေးထားခဲ့ရပြီးဖြစ်ပါတယ်။