
လီဗာပူးနည်းပြဘဝရဲ့နောက်ဆုံးမာဆေးဆိုဒ်ဒါဘီရှုံးနိမ့်မှုအကြောင်း ဖွင့်ဟလာတဲ့ ယာဂန်ကလော့ပ်
ယာဂန်ကလော့ပ်က Amazon ရုပ်သံစီးရီးသစ်တစ်ခုအတွင်း လီဗာပူးနည်းပြဘဝနှောင်းပိုင်း နောက်ဆုံးမာဆေးဆိုဒ်ဒါဘီရှုံးနိမ့်မှုအကြောင်းကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။ သောကြာနေ့မှာထွက်ရှိလာတဲ့ Doubters to Believers: Liverpool FC: The Klopp Era မှတ်တမ်းရုပ်ရှင် အတွင်း ပြီးခဲ့တဲ့ဧပြီလ၊ ဂူဒီဆင်ပတ်ခ်မှာ ကြိုးကြာနီတွေရဲ့နှစ်ဂိုးပြတ်ရှုံးနိမ့်မှုအကြောင်း ဂျာမန်သားကြီးရဲ့ဆွေးနွေးမှုကို ထည့်သွင်းရိုက်ကူးထားပါတယ်။ လီဗာပူးနည်းပြဟောင်းက အခုပွဲစဉ်ကို ပြန်ပြောင်းပြောပြချိန် သူ့ရဲ့စိတ်ပျက်နေမှုကို မဖုံးဖိထားနိုင်ခဲ့ပါဘူး။
မှတ်တမ်းရုပ်ရှင်အတွင်း ယာဂန်ကလော့ပ်က “အခု ကျွန်တော်က ကိုယ့်ရဲ့စိတ်ကူးအတွေးတွေထဲမှ ထုတ်ပယ်ပစ်လိုက်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတဲ့ အဲဗာတန်နဲ့ F*ucking ပွဲစဉ်တစ်ခုဆီပြန်သွားရင်း ဒီပွဲမစတင်ခင် ကျွန်တော် တွေးမိခဲ့တဲ့အရာတွေအကြောင်း ပြောပြသွားပါမယ်။ ကျွန်တော်တို့တွေ ချီးထုပ်ကျကျ ကစားခဲ့ကြလို့ အရာအားလုံးမှားယွင်းသွားခဲ့ပါတယ်”လို့ ဆိုပါတယ်။
လီဗာပူးအသင်းသမိုင်းတလျှောက်အကြီးမြတ်ဆုံးနည်းပြတွေအနက် တစ်ဦးဖြစ်လာခဲ့တဲ့ ယာဂန်ကလော့ပ်က အန်ဖီးလ်မှာ သူ့ရဲ့နောက်ဆုံးဘောလုံးရာသီဖြစ်တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွင်း ဖလားလေးလုံးအောင်မြင်မှုလမ်းကြောင်းဆီ ထပ်မံလျှောက်လှမ်းနိုင်ခဲ့ပေမယ့် ကာရာဘောင်ချန်ပီယံအဖြစ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေတွေကြောင့် သူ့ရဲ့အမွေအနှစ်တွေ လျော့ပါးသွားစရာ မရှိပါဘူး။
ကလော့ပ်ရဲ့မှတ်တမ်းရုပ်ရှင်စီးရီးသစ်ကို အများက စောင့်ကြည့်နေချိန်မှာပဲ သူကိုယ်တိုင်ကတော့ လာမယ့်ဗုဒ္ဓဟူးနေ့၊ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် အသင်းဟောင်းရဲ့ ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့် အဝေးကွင်းပွဲစဉ်ဆီ အာရုံစိုက်နေနိုင်ပါတယ်။