
အန်ဒိုရာနဲ့ပွဲစဉ်မှာ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် မကျေမနပ်ဖြစ်နေတဲ့ အင်္ဂလန်နည်းပြတူချယ်
အန်ဒိုရာကို ၁-၀ ဂိုးဆိုတဲ့ ကျဉ်းမြောင်းတဲ့ရလဒ်ဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်အတွင်း အင်္ဂလန်ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းကို မနှစ်သက်ခဲ့ဘူးလို့ နည်းပြသောမတ်စ်တူချယ်က ပြောပါတယ်။
ယမန်နေ့ညပိုင်း၊ အန်ဒိုရာကို အသည်းအသန်အနိုင်ယူခဲ့ရတဲ့ပွဲစဉ်အပြီး တူချယ်က ပွဲချိန် ၂၅ မိနစ်နောက်ပိုင်း လုံလောက်တဲ့ကြိုးစားအားထုတ်မှုမျိုး မတွေ့ရဘူးလို့စွပ်စွဲကာ သူ့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သူက အင်္ဂလန်လက်ရွေးစင်အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းမှာ လုံလောက်တဲ့ ကြိုးစားအားထုတ်မှုနဲ့ အရည်အသွေးပိုင်း ကင်းမဲ့ခဲ့တယ်လို့ ယုံကြည်နေခဲ့ပါတယ်။
ITV Sport နဲ့တွေ့ဆုံချိန် တူချယ်က “ အမှန်ပါပဲ၊ အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ ကျွန်တော် မကျေနပ်ပါဘူး။ အစောပိုင်းမိနစ်၂၀-၂၅မိနစ်လောက်အထိ ကျွန်တော်တို့တွေ အကောင်းဆုံးစတင်နိုင်ခဲ့ပြီး ဒီအချိန်အပိုင်းအခြားလောက်ကိုပဲ စိတ်ကျေနပ်မိပါတယ်။ ကျွန်တော်တို့အတွက် အခွင့်အရေးတွေ၊ တည်ကန်ဘောတွေ အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။
ဒီအချိန်အပိုင်းအခြားလောက်မှာပဲ ကျွန်တော်တို့ ဂိုးသွင်းယူနိုင်ပြီး ရှေ့ဆက်သွားနိုင်မယ်ဆိုတဲ့ ခံစားချက်မျိုးရှိခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ကျွန်တော်တို့ရဲ့အရှိန်အဟုန်တွေ လုံးဝပျောက်ဆုံးသွားပြီး အဲ့ဒီအရှိန်အဟုန်မျိုးကို ပထမပိုင်းပွဲချိန်အတွင်းမှာ ပြန်မရရှိခဲ့ပါဘူး။ဒုတိယပိုင်းအစ ၁၅ မိနစ်လောက်မှာ အရှိန်အဟုန်နည်းနည်းလေး ပြန်ရလာတယ်ဆိုပေမယ့် လက်ကျန်ပွဲချိန်တွေမှာ အဆင်မပြေတဲ့ပုံစံမျိုးနဲ့အတူ ပွဲစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။
ပွဲချိန် ၂၅ မိနစ်နောက်ပိုင်းမှာ ခွန်အားတွေ၊ စည်းချက်တွေ၊ ပိုင်နိုင်တဲ့ဆုံးဖြတ်ချက်တွေ ဘာတစ်ခုမှ မရှိတော့ပါဘူး။ ဒါက ဘောလုံးပေးပို့ပုံ၊ အဆုံးသတ်ကန်ချက်နဲ့ ဆုံးဖြတ်ချက်ပိုင်နိုင်ခြင်းဆိုတဲ့အပိုင်းတွေမှာ အသေးစိတ်အချက်အလက်အားဖြင့် အရည်အသွေးကင်းမဲ့နေမှုပဲ ဖြစ်ပါတယ်။ အခုပွဲစဉ်ကို အဆုံးသတ်စေဖို့ ထားရှိတဲ့ စိတ်နေစိတ်ထားကြောင့် ပွဲချိန်နောက်ဆုံးမိနစ် ၂၀ စာ အပိုင်းအခြားအတွက် ကျွန်တော် အတော်လေးစိုးရိမ်ပူပန်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ ၉၃ မိနစ်လောက်အထိ ကစားသွားရမယ်ဆိုတဲ့ ခံစားချက်မျိုးပဲ ရှိပါတယ်။
အလောသုံးဆယ်နိုင်တာမျိုးကို မကြိုက်လှသလို ဒါက အခုအချိန်နဲ့ လိုက်လျောညီထွေရှိတယ်လို့လည်း မခံစားရပါဘူး။ ဒါက ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်အဝေးကွင်းပွဲစဉ်ပဲ ရှိပါသေးတယ်။ ကျွန်တော်ကတော့ ဘယ်အရာကိုမှ သဘောမတွေ့ခဲ့ပါဘူး။ ကစားသမားအားလုံးကိုလည်း အဝတ်လဲခန်းမှာ ဒီအချက်တွေပြောပြပြီးဖြစ်လို့ သူတို့တွေ သိကြပါတယ်။ ဒီပွဲစဉ်ကို သေချာပြန်ကြည့်ပြီး အသေးစိတ်အချက်အလက်တွေကို လေ့လာအကဲဖြတ်သွားဖို့ မရှိမဖြစ်လိုအပ်နေပါပြီ”လို့ ပြောပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းက တူချယ်လက်အောက် အဖွင့်ပွဲစဉ်သုံးခုလုံးကို အနိုင်ရရှိခဲ့ပေမယ့် အခုအချိန်အထိတော့ တည်ငြိမ်တဲ့ခြေစွမ်းမျိုး မပြသနိုင်ခဲ့ပါဘူး။ ဒါကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားအောင်ပွဲကို ဆွတ်ခူးချင်တယ်ဆိုရင် အင်္ဂလန်အသင်းက ကစားရတဲ့ပွဲစဉ်တိုင်းရဲ့ကဏ္ဍတိုင်းမှာ မဖြစ်မနေတိုးတက်လာဖို့ လိုအပ်နေပါတယ်။ ဒါကိုအတူတကွလုပ်ဆောင်ဖို့ဆိုရင် သူတို့အတွက် အချိန်တွေ အများကြီး မကျန်တော့ပါဘူး။
ကမ္ဘာ့အဆင့်-၁၇၃ မှာရှိနေတဲ့အန်ဒိုရာနဲ့ရင်ဆိုင်ရချိန် သူ့အသင်းကို ဝေဖန်သွားခဲ့တဲ့ တူချယ်က လာမယ့်အင်္ဂါနေ့၊ ဆီနီဂေါနဲ့ခြေစမ်းပွဲစဉ်မှာ ပိုကောင်းတဲ့စွမ်းဆောင်ရည်မျိုးကို အင်္ဂလန်အသင်းပြသသွားနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။