
ဝုဗ်နဲ့ ပွဲစဉ်အတွင်း လူစားလဲလိုက်လို့ မက်အယ်လစ္စတာ စိတ်သက်သာရာ ရရှိခဲ့ပုံကို ရှင်းပြလာတဲ့ ယာဂန်ကလော့ပ်
ပြီးခဲ့တဲ့စနေနေ့၊ Molineux ကွင်းအတွင်း ဝုဗ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အပြီး မက်အယ်လစ္စတာကို လူစားလဲလှယ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် အာဂျင်တီးနားကစားသမားဟာ မောပန်းနွမ်းနေပြီဖြစ်တာကြောင့် စိတ်သက်သာရခဲ့တယ်လို့ လီဗာပူးနည်းပြယာဂန်ကလော့ပ်က ရှင်းပြလာပါတယ်။
ဒီပွဲစဉ်အတွက် လီဗာပူးရဲ့ပွဲထွက်ကွင်းလယ်လူစာရင်းမှာ မက်အယ်လစ္စတာက ကာတစ်ဂျုံးစ်၊ ဆိုဘိုဆလိုင်းတို့နဲ့အတူ ပါဝင်လာခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်စတင်ချိန် သူ့နေရာမှာ လူးဝစ်ဒီယက်ဇ် ပါဝင်ကစားခဲ့ပါတယ်။ မက်အယ်လစ္စတာက နိုင်ငံ့တကာသီတင်းပတ်အတွင်း အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ ပါဝင်ကစားပေးခဲ့ပြီး အထူးသဖြင့် ဘိုလီဗီးယားနဲ့ အဝေးကွင်းပွဲစဉ်ကိုလည်း ပါဝင်ကစားပေးခဲ့ရပါတယ်။
ဘိုလီဗီးယားနဲ့ပွဲစဉ်က ပင်လယ်ရေမျက်နှာပြင် အထက် ၃၆၃၇ မီတာအမြင့်ရှိ ဘောလုံးကွင်းမှာ ကစားရတာဖြစ်လို့ ကစားသမားတွေအတွက် စိန်ခေါ်မှု ကြီးမားတဲ့ အခြေအနေတစ်ရပ်ကို ပေါ်ပေါက်စေပါတယ်။ မက်အယ်လစ္စတာအပါအဝင် အာဂျင်တီးနားကြယ်ပွင့်ကစားသမားတွေကိုလည်း ဘောလုံးကွင်းရဲ့ ပထဝီမျက်နှာပြင်အနေအထားကြောင့် ပွဲစဉ်မတိုင်ခင် အောက်ဆီဂျင်ဘူးလေးတွေ ကိုင်တွယ်အသုံးပြုနေရတာကို မြင်တွေ့ခဲ့ရပါတယ်။
ဝုဗ်ကို အနိုင်ရရှိတဲ့ပွဲစဉ်အပြီး ကလော့ပ်က မက်အယ်လစ္စတာဟာ လူစားလဲလှယ်ခံရမှုကြောင့် စိတ်သက်သာရာ ရနေခဲ့တယ်လု့ိ ရှင်းပြခဲ့သလို အာဂျင်တီးနားအတွက် ကစားပေးချိန်မှာ သုံးစွဲခဲ့တဲ့ အောက်ဆီဂျင်ဘူးကို သူ့ဆီမှာ နည်းနည်းကြာအောင် ထားသင့်တယ်လို့ အရွှန်းဖောက်ပါတယ်။
“မက်အယ်လစ္စတာက အားအင်ကုန်ခမ်းသွားခဲ့ပါတယ်။ သူက အဝါကတ်တစ်ကတ်နဲ့အတူ ပထမပိုင်းပွဲချိန်တွေမှာ မောပန်းနေခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း သူ့ရဲ့ဆုံးဖြတ်ချက်ချမှတ်မှုတွေနဲ့အတူ မက်အယ်လစ္စတာ ဘယ်လောက်အထိ ကောင်းသလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ အခုသီတင်းပတ်အတွင်း သူ့ကို အောက်ဆီဂျင်ဘူးနဲ့အတူ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ သူ့အတွက် အကူအညီဖြစ်မယ်ဆိုရင် ဒီအောက်ဆီဂျင်ဘူးလေးကို လက်ထဲမှာ နည်းနည်းလေးကြာအောင် ထားသင့်တယ်လို့တောင် ကျွန်တော် အကြိမ်ကြိမ်တွေးမိခဲ့ပါတယ်။ ခက်ခဲခဲ့ပါတယ်။ အခုလို ဝုဗ်နဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်မျိုးကစားရချိန်မှာ စိန်ခေါ်မှုတစ်ခုကို တုံပြန့်ဖို့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်က နည်းနည်းလေးနောက်ကျသွားမယ်ဆိုရင် ဒုတိယအဝါကတ်ဆိုတာ ရှိလာပါမယ်။ ဒါပါပဲ။ ဒါကြောင့်ပဲ အခုလိုဆုံးဖြတ်တာပါ။ ပထမပိုင်းမှာ သူ့အတွက် အရမ်းကောင်းတဲ့ အခိုက်အတန့်တွေ ရှိခဲ့သလို အခြားအခိုက်အတန့်တွေရှိခဲ့တယ်ဆိုတာ ခင်ဗျားတို့လည်း တွေ့နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ သူ့ကို လူစားလဲလှယ်လိုက်ချိန်မှာ မက်အယ်လစ္စတာက လုံးဝကို စိတ်မပျက်သွားခဲ့ပါဘူး။ ကျွန်တော့်အမြင် သူက စိတ်သက်သာရာတောင် ရသွားတယ်လို့ ထင်ပါတယ်”လို့ ယာဂန်ကလော့ပ်က ပြောပါတယ်။
လီဗာပူးကစားသမားဘဝကို အကောင်းမွန်ဆုံး စတင်နေတဲ့ အသက်-၂၄ နှစ်အရွယ်ကွင်းလယ်လူက စက်တင်ဘာနိုင်ငံတကာသီတင်းပတ်အပြီး ဝုဗ်နဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်နဲ့ အစောပိုင်းအဝါကတ်ပြသခံရမှုကြောင့် ခက်ခဲကြမ်းတမ်းတဲ့ စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်ခဲ့ရပါတယ်။ လီဗာပူးရဲ့ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် LASK နဲ့ရင်ဆိုင်ဖို့ သြစတြီးယားနိုင်ငံဆီ ထွက်ခွာချိန်မှာ မက်အယ်လစ္စတာက အရန်ကစားသမား စာရင်းမှာ ပါဝင်လာနိုင်ဖွယ်ရှိပြီး အန်ဒို၊ အီလီယော့၊ ဂရာဗန်ဘတ်ချ်တို့ ပွဲထွက်ကစားဖွယ် ရှိပါတယ်။