
ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကာ စပိန်ဘုရင့်ဖလား ဆွတ်ခူးခဲ့ပြီးနောက် ပျော်ရွှင်ဝမ်းမြောက်နေတဲ့ ဟန်စီဖလစ်ခ်
ဘာစီလိုနာအသင်းနည်းပြ ဟန်စီဖလစ်ခ်က ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကို စပိန်ဘုရင့်ဖလားဖိုင်နယ်မှာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အသင်းရဲ့ခြေစွမ်းကို အလွန်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ ဒီရလဒ်ဟာ ဘာစီလိုနာအသင်းအတွက် ဖလားသုံးလုံးရရှိရေး မျှော်လင့်ချက်ကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။
"ဒီညက တကယ့်ကို ပြီးပြည့်စုံတဲ့ညတစ်ညပါပဲ။ ကျွန်တော်အရမ်းဂုဏ်ယူမိပါတယ်။ သူတို့လုပ်ပြခဲ့တာတွေ၊ တိုက်ပွဲဝင်ခဲ့ကြတာတွေက ကျွန်တော့်အတွက်တော့ အံ့သြစရာပါပဲ။ သူတို့လုပ်ပြခဲ့တာတွေကို တကယ်ပဲလေးစားမိပါတယ်၊ သူတို့ဘယ်တော့မှ လက်မလျှော့ခဲ့ကြဘူး။ အသင်း၊ ပရိသတ်တွေအားလုံး ဒီအသင်းကို ဂုဏ်ယူကြပါတယ်လို့ ထင်ပါတယ်။ ရီးရဲလ်မက်ဒရစ်လိုအသင်းမျိုးနဲ့ကစားတဲ့ အယ်လ်ကလာစီကိုပွဲစဉ်မှာ ဖလားရယူနိုင်ခဲ့တာက အမြဲတမ်းတော့ ထူးခြားပါတယ်။ ကစားသမားတွေနဲ့ ပရိသတ်ထောင်ပေါင်းများစွာအတွက် ဝမ်းသာပါတယ်၊ သူတို့က ဒီဖလားကိုရယူထိုက်ပါတယ်" လို့ ဖလစ်ခ်က တနင်္ဂနွေနေ့မနက်အစောပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဖလစ်ခ်က "အခုကျွန်တော်တို့ အောင်ပွဲခံရမယ်၊ ပြီးရင် ပြန်လည်ကောင်းမွန်လာအောင် လုပ်ရမယ်။ ဖလားသုံးလုံးရရှိဖို့ဆိုတာ ဖြစ်နိုင်ခြေတစ်ခုပါ၊ ဒါပေမဲ့ ကျွန်တော်တို့က ဆက်လက်ကြိုးစားသွားရပါမယ်"လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ခြေစွမ်းကောင်းတွေပြသနေပြီး ရီးရဲလ်မက်ဒရစ်အသင်းကို သုံးပွဲဆက် အနိုင်ရရှိထားပါတယ်။