The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုဟာ ချဲလ်ဆီးအတွက်ပဲ အရေးပါလွန်းနေတာပါလို့ ထုတ်ပြောခဲ့တဲ့ မော်ရင်ဟို

ချဲလ်ဆီးအသင်းရဲ့ကလပ်ကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲက ကာယကံရှင်တွေအတွက်လောက်သာ အရေးပါလွန်းနေပြီး ပြိုင်ပွဲရဲ့ပွဲစဉ်အများစုဟာ ရာသီကြိုပုံစံမျိုးနဲ့ယှဉ်ပြိုင်ကစားခဲ့တယ်လို့ ဂျိုဆေးမော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ အခုလအစောပိုင်းမှာပဲ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ချဲလ်ဆီးတို့ ဆွတ်ခူးနိုင်ခဲ့ပေမယ့် နည်းပြဟောင်းမော်ရင်ဟိုကတော့ ကလပ်အသင်းအချို့ဟာ အပြည့်အဝအားစိုက်ထုတ်မှုမရှိဘူးလို့ ပြောကြားရင်း လန်ဒန်သားတွေရဲ့အောင်မြင်မှု ကို ချိုးနှိမ်ခဲ့ပါတယ်။ ဒါ့အပြင် သူက ရီးရဲလ်မက်ဒရစ်ရဲ့ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ခရီးလမ်းကြောင့် အတိတ်ကာလ၊ အမေရိကန်မြေမှာဖြတ်သန်းခဲ့ရတဲ့ ရာသီကြိုခရီးစဉ်တွေကို ပြန်လည်အမှတ်ရမိစေတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Canal 11 နဲ့တွေ့ဆုံချိန် မော်ရင်ဟိုက “ ဒီကလပ်ကမ္ဘာ့ဖလားက ချဲလ်ဆီးမှာ ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခုပိုင်ဆိုင်ခဲ့တဲ့ ကိုးလ်ပယ်လ်မာကိုလည်း မီးမောင်းထိုးပြသခဲ့ပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ဆီမီးဖိုင်နယ်ခရီးလမ်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်တို့နဲ့အတူ ဖြတ်သန်းခဲ့တဲ့ ကျွန်တော့်ရဲ့ အမေရိကန်ရာသီကြိုကာလတွေကို ပြန်အမှတ်ရစေပါတယ်။ ဒီမြေပေါ်မှာကစားခဲ့ဖူးတဲ့ ကျွန်တော့်ရဲ့ရာသီကြိုခြေစမ်းပွဲစဉ်တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ဒီကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုက ချဲလ်ဆီးအတွက်လောက်ပဲ အရေးပါလွန်းနေတယ်လို့ ထင်ပါတယ်။ သူတို့တွေ ဂျာစီအများကြီး ရောင်းချနိုင်ခဲ့တယ်လေ”လို့ ပြောပါတယ်။

ဒီနေရာမှာ ချဲလ်ဆီးနည်းပြအဖြစ် သက်တမ်းနှစ်ခုတိုင်ဖြတ်သန်းခဲ့ဖူးတဲ့ မော်ရင်ဟိုကိုယ်တိုင် အသင်းဟောင်းရဲ့အောင်မြင်မှုအပေါ် အလွန်အကျွံမဝေဖန်သင့်ဘူးဆိုတဲ့ အကြံပြုချက်အချို့လည်း ထွက်ပေါ်လာခဲ့ပါတယ်။ အဆုံးမှာတော့ အသင်းအများစုဟာ ရှည်လျားလွန်းလှတဲ့ဘောလုံးရာသီကို အဆုံးသတ်နိုင်ခဲ့ပြီး အချို့ကစားသမားတွေကိုယ်တိုင်လည်း လာမယ့်ဘောလုံးရာသီသစ်အတွက် အဆင်သင့်ဖြစ်နေဖို့နဲ့ အားအင်မကုန်ခမ်းနေဖို့ကိုပဲ အာရုံစိုက်နေပါလိမ့်မယ်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ရာသီကြိုခရီးစဉ်ထွက်ခွာဖို့မရှိတဲ့ မာရက်စ်ကာရဲ့ချဲလ်ဆီးအသင်းက သြဂုတ် ၁၇ ရက်၊ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာဧည့်ခံကစားရမယ့် ရာသီအဖွင့်ပွဲစဉ်မတိုင်ခင် သြဂုတ် ၈ ရက်နဲ့ ၁၀ ရက်တို့မှာ လေဗာကူဆင်၊ အေစီမီလန်တို့နဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပါတယ်။