
နည်းပြတစ်ဦးအနေနဲ့ တိုးတက်လာအောင် ဘာစီလိုနာစတားဟောင်း ကူညီပေးခဲ့ကြောင်း မော်ရင်ဟို ဝန်ခံပြောကြား
ဖီနာဘာချီနည်းပြ မော်ရင်ဟိုက ဘာစီလိုနာဂန္ထဝင်ဟောင်း မက်ဆီဟာ မိမိကိုနည်းပြတစ်ဦးအနေနဲ့ တိုးတက်လာအောင် ကူညီပေးခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေထဲကတစ်ဦးဖြစ်သလို မော်ရင်ဟိုနဲ့ အကြိမ်ရေများစွာတွေ့ဆုံခဲ့ဖူးတာဖြစ်ပါတယ်။
အာဂျင်တိုင်းသားဟာ ၂၀၀၃ နိုဝင်ဘာတုန်းက မော်ရင်ဟိုရဲ့ပေါ်တိုအသင်းနဲ့ ခြေစမ်းပွဲမှာ ဘာစီလိုနာအတွက် ပထမဆုံးပွဲဦးထွက်ပါဝင်လာခဲ့တာဖြစ်ပါတယ်။
မော်ရင်ဟိုဟာ အဆိုပါပွဲမှာ မက်ဆီကို ရပ်တန့်ဖို့ ကြိုးစားခဲ့သလို ရီးရဲလ်နည်းပြဘဝတုန်းကလည်း ရပ်တန့်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း အင်တာ ၊ ချဲလ်ဆီးတို့နဲ့အတူ မက်ဆီကိုရင်ဆိုင်ခဲ့ရပါတယ်။ မက်ဆီဟာ ပြိုင်ဘက်တွေကို ထိတ်လန့်စေတဲ့ကစားသမားအဖြစ် သက်သေပြနိုင်ခဲ့ပေမယ့် မော်ရင်ဟိုကတော့ အာဂျင်တိုင်းသားဟာ မိမိကိုနည်းပြတစ်ဦးအနေနဲ့ တိုးတက်အောင် ကူညီပေးခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
“မက်ဆီက ကျွန်တော်သူနဲ့ရင်ဆိုင်ရချိန်တိုင်းမှာ အများကြီးတွေးဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။ GOAT အကြောင်းပြောရတာတော့ မမျှတဘူးလို့ ကျွန်တော်ထင်ပါတယ်။ တစ်စုံတစ်ယောက် အဲ့အကြောင်းပြောတာ ကြားချိန်မှာ ကျွန်တော် မကြိုက်သလို ခံစားရပါတယ်။ လူငယ်မျိုးဆက်တွေကို သိပါတယ်။ ဒါပေမယ့် သူတို့ ပီလီ ၊ အူဆီဘီယို ၊ ဘက်ကင်ဘောင်ဝါတို့ကိုမသိလောက်ပါဘူး။ ဒီနေ့ခေတ်ဘောလုံးမှာက နှိုင်းယှဉ်တာတွေများပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ လက်ရှိမေဂျာလိဂ်မှာကစားနေပြီး မော်ရင်ဟိုကတော့ ဖီနာဘာချီနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဖီနာဘာချီအသင်းဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဘင်ဖီကာအသင်းနဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲ ပထမအကျော့ကန်ရမှာဖြစ်ပါတယ်။