
နောက်ခံလူ အီဗန်တစ်ယောက် ကစားသမားဘဝကနေအနားယူခဲ့ပြီလို့ ယူနိုက်တက် အတည်ပြု
ယူနိုက်တက်အသင်းကတော့ ဟောင်ကောင်အသင်းနဲ့ခြေစမ်းပွဲမှာ နောက်ခံလူ ဂျွန်နီအီဗန်တစ်ယောက် အသင်းအတွက် နောက်ဆုံးပွဲကိုပါဝင်ကစားပေးခဲ့ပြီလို့ အတည်ပြုလိုက်ပါတယ်။
လက်စတာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ၂၀၂၃ နွေရာသီတုန်းက အီဗန်ဟာ ငယ်ဘဝကလပ်ထံ အံ့အားသင့်ဖွယ်ပြန်လာခဲ့တာဖြစ်ပါတယ်။
ကစားသမားဘဝကနေ အနားမယူခင်မှာ အီဗန်ဟာ ယူနိုက်တက်အတွက် ၂ ရာသီကြာကစားပေးခဲ့ပါတယ်။ ယူနိုက်တက်အသင်းအတွက်နောက်ဆုံးပွဲအဖြစ် အီဗန်ဟာ ဟောင်ကောင်အသင်းကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင်ကစားပေးခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ၁၉ နှစ်တာအတွင်းမှာ အီဗန်ဟာ ဆုဖလားတိုင်းရယူနိုင်ခဲ့ပါတယ်။ အီဗန်ဟာ အန့်တ်ဝ့ါတ် ၊ ဆန်းဒါးလန်း ၊ ဝက်စ်ဘရွန်းတို့မှာလည်း ကစားခဲ့တာဖြစ်ပြီး အဲ့နောက် ယူနိုက်တက် နဲ့ လက်စတာတို့မှာကစားခဲ့ကာ ပွဲပေါင်း ၅၃၇ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။
နိုင်ငံအသင်းဖြစ်တဲ့ မြောက်အိုင်ယာလန်အသင်းအတွက်တော့ ၁၀၇ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ ၂၀၂၄ - ၂၅ ရာသီမှာ အီဗန်တစ်ယောက် ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၃ ပွဲပါဝင်ကစားခဲ့ကာ ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
“အဲ့တာက တကယ်ကောင်းပါတယ်။ ပြီးတော့ သူလေ့ကျင့်ခန်းဆင်းတဲ့အဆင့်ကလည်း ထိပ်တန်းအဆင့်ပါ။ ခင်ဗျား သူ့ရဲ့အကောင်းဆုံးခေတ်မှာ အဆင့်အတန်းတစ်ခုကို မြင်နိုင်ပါတယ်။ သူတို့ဘာကြောင့် ဆုဖလားအများကြီးရယူနိုင်ခဲ့လဲဆိုတာကိုလည်း ခင်ဗျားနားလည်နိုင်မှာပါ။ သူ့အသက်အရွယ်နဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေအများကြီးရှိနိုင်ပါတယ်။
သူကြံ့ခိုင်မှုအပြည့်နဲ့လေ့ကျင့်ခန်းဆင်းချိန်မှာ ထိပ်တန်းအဆင့်အနေအထားရှိပါတယ်။ သူက အရမ်းကောင်းတဲ့ကစားသမားဆိုတာကို ခင်ဗျားသိမှာပါ”လို့ အာမိုရင် ဂုဏ်ပြုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဝုဗ်စတား ကန်ဟာကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ အာမိုရင်ကတော့ ပွဲဦးထွက်ရာသီမှာ ရလဒ်တွေဆိုးဝါးခဲ့ပြီးနောက် အသင်းလူအင်အားကို ပြန်လည်တည်ဆောက်ဖို့ ပစ်မှတ်ထားနေပါတယ်။