အသက် ၂၂နှစ် ပိုငယ်တဲ့ မော်ဒယ်လေးနဲ့ တွဲနေတဲ့ ဂျီနိုလာ
ပြင်သစ်လက်ရွေးစင်ဟောင်း ဒေးဗစ်ဂျီနိုလာဟာ သူ့ထက် အသက် ၂၂နှစ်ပိုငယ်တဲ့ မော်ဒယ် မာအီဗာဒီနက်နဲ့ တွဲနေပါတယ်။ အသက် ၅၄ နှစ်အရွယ်ရှိ တော့တင်ဟမ်နဲ့ နယူးကာဆယ် ဂန္ထဝင်ကစားသမား ဂျီနိုလာဟာ ၂၀၁၆ မှာ ဒီနက်နဲ့ စတင်ဒိတ်ခဲ့တာဖြစ်ပြီး ၂နှစ်အကြာ ၂၀၁၈ မှာတော့ ပထမဆုံးရင်သွေးလေး ပိုင်ဆိုင်ခဲ့ကြပါတယ်။ ဂျီနိုလာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ heart attack ဖြစ်တုန်း ဒီနက်နဲ့ တွေ့ဆုံတာဖြစ်ပြီး ဂျီနိုလာအနေနဲ့ ၂၀၁၆ ခုနှစ်က ပဲရစ်မှာ ဒီနက်နဲ့ စတင်တွေ့ဆုံခဲ့တာက သူ့အတွက် ချစ်ရသူအဖြစ်သာမက သူ့ဘဝကို ကယ်တင်ပေးမယ့်သူနဲ့ တွေ့ဆုံခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။
ဂျီနိုလာဟာ ၂၀၁၆ ခုနှစ်က မွေးရပ်မြေ ပြင်သစ်နိုင်ငံမှာ ရန်ပုံငွေပွဲကစားနေတုန်း နှလုံးရောဂါကြောင့် ကွင်းထဲသတိလစ်လဲကျခဲ့ရပြီး ၉မိနစ်ကျော်လောက်အထိ အသက်ရှူရပ်သွားခဲ့ရပါတယ်။ အဲဒီမှာ သူ့ရဲ့သွေးခုန်နှုန်းပြန်မှန်လာအောင် အရေးပေါ်ကုသခဲ့ပြီးနောက် ဆေးရုံကို အရေးပေါ်တင်ပို့ခဲ့ရပြီး ခွဲစိတ်ဆရာဝန်တွေက ၃နာရီကြာတဲ့အထိ အသက်လုခွဲစိတ်ကုသခဲ့ရပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဒီနက်က ''ကျွန်မတို့နှစ်ယောက် သူသေမလိုဖြစ်ခဲ့တဲ့နေ့က ပထမဆုံးတွေ့ဆုံခဲ့တာပါ။ နှစ်ယောက်စလုံးနဲ့သိတဲ့ သူငယ်ချင်းတစ်ယောက်က ကန်းနက်စ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ကျွန်မတို့ကို မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ညမိုးချုပ်လောက်မှာ ကျွန်မတို့ စကားတွေပြောပြီး တစ်ခါလောက် အကြင်နာပေးခဲ့ကြပြီးနောက် သူက ရန်ပုံငွေပွဲကစားဖို့ သွားခဲ့ပါတယ်။ ကျွန်မလည်း မာဆေးလ်ကို ပြန်လာခဲ့ပါတယ်။ အဲဒီမှာ သူငယ်ချင်းတစ်ယောက်က ဂျီနိုလာအကြောင်း ကြားပြီးပြီလား၊ သူနဲ့ဘယ်အဆင့်ထိ ရောက်ခဲ့ပြီလဲလို့ ဖုန်းဆက်ပြောလာပါတယ်။ ကျွန်မလည်း အကြင်နာလေးပေးတဲ့အဆင့်ထိပဲလို့ ပြောပါတယ်။ ဂျီနိုလာရဲ့အဖြစ်ကို ကြားလိုက်ရတော့ ကျွန်မလည်း အရမ်းစိုးရိမ်သွားပါတယ်''လို့ ဒီနက်က ပြောပါတယ်။
အဲဒီနောက် လအနည်းငယ်အကြာမှာတော့ ဂျီနိုလာနဲ့ ဒီနက်တို့ဟာ ပဲရစ်မြို့ရဲ့ လမ်းမတွေထက် တစ်ယောက်နဲ့တစ်ယောက် လက်ချင်းချိတ်ပြီး လျှောက်သွားနေတာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနှစ်မှာပဲ ဂျီနိုလာဟာ ဇနီးဖြစ်သူ ကိုရာလိုင်းနဲ့ ကွာရှင်းခဲ့ကြပြီး သူတို့နှစ်ယောက်မှာ ကလေးနှစ်ဦး ထွန်းကားခဲ့ပါတယ်။ ဒီနက်က ၂၀၁၈ မှာ ဂျီနိုလာအတွက် သူတို့ရဲ့ပထမဆုံးရင်သွေးလေး မွေးဖွားပေးခဲ့ပြီး သမီးလေးဖြစ်ပါတယ်။ ပြီးတော့ ဂျီနိုလာဟာ အသက် ၅၁နှစ်အရွယ်မှာ ကလေးအဖေထပ်ဖြစ်ခဲ့ပါတယ်။