
ရာသီသစ်မတိုင်ခင် အဓိကစတားတစ်ဦးဒဏ်ရာပြဿနာရှိနေတဲ့ တော့တင်ဟမ်
တော့တင်ဟမ်အသင်းရဲ့အားထားရတဲ့ကွင်းလယ်လူ မက်ဒီဆင်တစ်ယောက် ပြင်းထန်တဲ့အရွတ်ကြောဒဏ်ရာရရှိနေတယ်လို့ အသင်းဘက်က အတည်ပြုလိုက်ပါတယ်။ အဆိုပါဒဏ်ရာအခြေအနေကြောင့် လာမယ့်ရာသီသစ်ကို လွဲချော်နိုင်တာဖြစ်ပြီး နည်းပြ ဖရန့်ခ်အတွက် ကြီးမားတဲ့ပြဿနာဖြစ်လာပါတယ်။ တောင်ကိုရီးယားမြေမှာ နယူးကာဆယ်နဲ့ခြေစမ်းပွဲအတွင်း မက်ဒီဆင်တစ်ယောက် အဆိုပါဒဏ်ရာရရရှိခဲ့ဟန်ဖြစ်ပုံရပါတယ်။
နယူးကာဆယ်နဲ့ပွဲက သရေရလဒ်ထွက်ပေါ်ခဲ့ပေမယ့် မက်ဒီဆင်ဟာ ဒူးမှာပြင်းထန်တဲ့ဒဏ်ရာရခဲ့ပြီးနောက် လူစားလဲခံခဲ့ရပါတယ်။ အာရှကနေ လန်ဒန်ကိုပြန်လာပြီးနောက် အင်္ဂလန်သားဟာ လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ရလဒ်အရ အသက် ၂၈ နှစ်သားဟာ ပြင်းထန်တဲ့အရွတ်ကြောဒဏ်ရာရရှိနေတာဖြစ်ပြီး ခွဲစိတ်မှုခံယူရမှာဖြစ်ပါတယ်။ အခုနောက်ဆုံးဒဏ်ရာအခြေအနေက ယခင်ယူရိုပါလိဂ်ဖိုင်နယ်မှာ မပါဝင်နိုင်ခဲ့တုန်းကရခဲ့တဲ့ဒူးဒဏ်ရာအခြေအနေနဲ့ ဆင်တူဟန်ရှိနေပါတယ်။
အရွတ်ကြောဒဏ်ရာအခြေအနေတွေဟာ အချိန်တစ်ခုလောက်အနားယူရနိုင်တာဖြစ်ပြီး အနည်းဆုံး ၆ လကနေ ၉ လလောက်အထိ နားရနိုင်တာဖြစ်ပါတယ်။ မက်ဒီဆင်မပါဝင်နိုင်တဲ့ တော့တင်ဟမ်အတွက်တော့ ကွင်းလယ်ပိုင်းမှာ ပြဿနာရှိလာနိုင်ပါတယ်။ တော့တင်ဟမ်ဟာ မကြာသေးခင်ကမှ ဆွန်ဟောင်မင်လိုသက်တော်ရှည်ကစားသမားကို လက်လွှတ်ထားခဲ့ရတာဖြစ်ပြီး အခုလည်း မက်ဒီဆင်ပါ ဒဏ်ရာထပ်ရခဲ့တာကြောင့် ဈေးကွက်ထဲမှာ လှုပ်ရှားရဖို့များနေပါတယ်။
လက်ရှိမှာတော့တင်ဟမ်ဟာ ကူဒက်စ်ကိုခေါ်ယူထားခဲ့ပြီး မက်ဒီဆင်နေရာအတွက် စမ်းသပ်သုံးစွဲကြည့်ဖို့ ပြင်ဆင်နေပါတယ်။ တော့တင်ဟမ်ဟာ အခုအပတ်ထဲမှာ ဘိုင်ယန်မြူးနစ်နဲ့ ခြေစမ်းမှာဖြစ်ပြီး အဲ့နောက် ရာသီသစ်မတိုင်ခင် ပီအက်စ်ဂျီနဲ့ သြဂုတ်လ ၁၃ ရက်နေ့မှာ ယူအီးအက်ဖ်အေစူပါဖလားကန်ရမှာဖြစ်ပါတယ်။