The network connection is lost.

Banner Image

ယူနိုက်တက်စတားကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းလိုက်တဲ့ ရိုးမား

စီးရီးအေကလပ် ရိုးမားအသင်းဟာ ယူနိုက်တက်တောင်ပံကစားသမား ဆန်ချိုကို တစ်ရာသီအငှားခေါ်ယူဖို့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ တိုင်းမ်စ်သတင်းဌာနရဲ့အဆိုအရ ရိုးမားအသင်းဟာ အသက် ၂၅ နှစ်သားကို အငှားနဲ့ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ယူနိုက်တက်ဘက်ကတော့ အပြီးသတ်ရောင်းချချင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ချဲလ်ဆီးအသင်းထံ နောက်တစ်ရာသီအငှားထပ်ခေါ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း လန်ဒန်ကလပ်ဘက်က ကစားသမားရဲ့လုပ်ခလစာကြောင့် မခေါ်ယူခဲ့တာဖြစ်ကပါတယ်။ ဆန်ချိုတစ်ယောက် အသင်းဟောင်း ဒေါ့မွန်ကိုပြန်ဖို့ ချိတ်ဆက်ခံနေရသလို ဂျူဗင်တပ်စ်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။

ဆန်ချိုဟာ ယူနိုက်တက်ရဲ့အနာဂတ်လူစာရင်းထဲမှာ မပါဝင်တော့တာကြောင့် အသင်းပြောင်းရဖို့များနေပြီး ၂၀၂၁ တုန်းက ဒေါ့မွန်ကနေ ပေါင် ၇၃ သန်းနဲ့ပြောင်းရွှေ့လာပြီးနောက် ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်အတွက် အင်္ဂလန်သားဟာ ၈၃ ပွဲမှာ ၁၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဆိုးလ်ရှားရဲ့ ဘက်ဆစ်တက်ခ်အသင်းကလည်း ချိတ်ဆက်နေပါတယ်။

နော်ဝေသားနည်းပြကိုင်တွယ်တုန်းက ယူနိုက်တက်ဟာ ဆန်ချိုကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့ပိတ်ဖို့က ၂ ပတ်ကျော်လောက်သာလိုအပ်တော့တာကြောင့် ယူနိုက်တက်အနေနဲ့ တစ်နည်းနည်းနဲ့ ဆန်ချိုကို လက်လွှတ်ဖို့ စဉ်းစားရတော့မှာဖြစ်ပါတယ်။ အသင်းတော်တော်များများကတော့ ဆန်ချိုကို အပြီးသတ်ထက် အငှားနဲ့သာ ကနဦးခေါ်ယူချင်နေကြပါတယ်။