
ယူရို ၁၈ သန်းနဲ့ ဖီနာဘာချီသို့ပြောင်းရွှေ့ဖို့ နီးစပ်လာတဲ့ ဆန်ချို
မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ ယခုနွေရာသီအတွင်း အသင်းနဲ့လမ်းခွဲဖို့ သေချာသလောက်ဖြစ်နေပြီး ယခုအခါမှာတော့ တူရကီကလပ် ဖီနာဘာချီသို့ ယူရို ၁၈ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ဖို့ နီးစပ်လာပြီလို့သိရပါတယ်။
ယူနိုက်တက်နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုကိုင်တွယ်နေတဲ့ ဖီနာဘာချီဟာ ဆန်ချိုကို တစ်နှစ်လုပ်ခ ယူရို ၁၀ သန်းနဲ့ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကစားသမားဘက်ကလည်း ပုဂ္ဂိုလ်ရေးအရ သဘောတူညီထားတယ်လို့ သတင်းတွေကဆိုပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ ယူနိုက်တက်အနေနဲ့ ကစားသမားကို ပြောင်းရွှေ့ကြေး ယူရို ၁၈ သန်းနဲ့သဘောတူညီပြီး ထွက်ခွာခွင့်ပေးသွားမလား စောင့်ကြည့်ရပါမယ်။
နာမည်ကျော်ဂျာနယ်လစ် အိုရာဇီယိုအက်ကိုမန်ရဲ့အဆိုအရ ဖီနာဘာချီဟာ ဆန်ချိုအတွက် ယူရို ၁၈ သန်းနဲ့ ပထမဆုံးအကြိမ် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။ အီတလီစီးရီးအေကလပ်တွေအနေနဲ့လည်း အင်္ဂလန်သားကိုခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဖီနာဘာချီနဲ့အပြိုင်အဆိုင်ကမ်းလှမ်းဖို့တော့ မတတ်နိုင်ကြဘူးလို့သိရပါတယ်။
တူရကီကလပ်သို့ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ ဆိုဖီယန်အမ်မရာဘတ်နဲ့ ဖရက်ဒ်တို့အပါအဝင် ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်းတွေ အများအပြားသွားရောက်ကစားထားတာကြောင့် ယခုအခါမှာ ဆန်ချိုအနေနဲ့လည်း ဖီနာဘာချီနဲ့ချိတ်ဆက်သွားဖို့ ဖြစ်နိုင်ချေများနေပါတယ်။
ယူနိုက်တက်အနေနဲ့ ဆန်ချိုကိုရောင်းချဖို့သာဆန္ဒရှိနေတာကြောင့် ဖီနာဘာချီဘက်က ကမ်းလှမ်းမှုပြုလုပ်လာခဲ့ပါက ငြင်းပယ်သွားဖွယ်မရှိပါဘူး။ နည်းပြရူဘင်အာမိုရင်ဟာ အသင်းရဲ့ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်ကို လာမယ့်ဇူလိုင်လ ၇ ရက်နေ့မှာစတင်ပြုလုပ်သွားမှာဖြစ်ပြီး အဆိုပါနေ့မတိုင်မီ ဘရန့်ဖို့ဒ်ကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုကို အမိအရခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့သိရပါတယ်။