Gucci နဲ့စာချုပ် ချုပ်ပြီးနောက် အမိုက်စားဓာတ်ပုံတွေကို ပြသခဲ့တဲ့ ဂျက်ဂရီးလစ်ရှ်
မန်ချက်စတာစီးတီး တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်ကတော့ နာမည်ကြီးဖက်ရှင် အမှတ်တံဆိပ် Gucci ရဲ့ မော်ဒယ်အသစ် ဖြစ်ခဲ့ပြီးနောက် ပထမဆုံးရှုတင်မှာတင် သူ့ရဲ့ six-pack တွေကို ပြသခဲ့ပါတယ်။ ဂရီးလစ်ရှ်ဟာ မန်စီးတီးအသင်းနဲ့အတူ အက်စတွန်ဗီလာကို ၃-၂ နဲ့ အနိုင်ရပြီးနောက် သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ပါတယ်။
ဒါပေမယ့် ဘောလုံးလောကပြင်ပမှာလည်း ဂရီးလစ်ရှ်တစ်ယောက် ပရိသတ်အာရုံကို အကြီးအကျယ် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဂူချီနဲ့ပေါင်သန်းချီတန်တဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီးနောက်မှာ အက်စတွန်ဗီလာ အသင်းခေါင်းဆောင်ဟောင်းဟာ သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေကို အဓိကဖော်ပြထားတဲ့ အမိုက်စားဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။ လက်ပြတ်အင်္ကျီအပါအဝင် မတူညီတဲ့ ဝတ်စုံအများအပြားကို ဝတ်ဆင်ကာ ရိုက်ကူးခဲ့သလို ယူရို ၉၆ တုန်းက နာမည်ကြီးခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ဂျာစီနဲ့လည်း ဓာတ်ပုံရိုက်ကူးခဲ့ပါသေးတယ်။
ဂရီးလစ်ရှ်ဟာ အင်္ဂလန်ချန်ပီယံအသင်းအတွက် ၃၉ ပွဲကစားပြီး ၆ ဂိုးသွင်း ၄ ဂိုးဖန်တီးနိုင်ခဲ့ပေမယ့် ရာသီပိတ်ပွဲစဉ်မှာတော့ ပါဝင်ကစားခွင့် မရရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း တနင်္လာနေ့က အောင်ပွဲခံမှုမှာတော့ ဂရီးလစ်ရှ်တစ်ယောက် အပျော်ကြီးပျော်နေတာကို တွေ့ရပါတယ်။
မန်စီးတီးနဲ့အတူ ပထမဆုံးဖလားကို ရယူနိုင်ခဲ့ပြီးနောက် ဂရီးလစ်ရှ်က “စီးတီးအတွက် ကစားရတာ ထင်ထားတာထက် ပိုခက်တယ် ဒါပေမယ့် အချိန်ပြည့် ပျော်ရွှင်နေရတယ်။ Comfort zone ကနေလည်း ထွက်လာနိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ်ရော၊ ပတ်ဝန်းကျင်ကိုပါ အပြောင်းလဲကြီး ပြောင်းလဲနိုင်ခဲ့ပါတယ်။ ခက်တော့ ခက်တာပေါ့ ဒါပေမယ့် ဒီနေ့လိုအခြေအနေမျိုးနဲ့ သာဆိုရင်တော့ တန်ပါတယ်။ ကျွန်တော်ဒီအသင်းမှာ အရေးကြီးတဲ့ပွဲစဉ်တွေကိုလည်း ကစားနိုင်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဝက်စ်ဟမ်းနဲ့ပွဲက ဂိုးဆိုလည်း အရမ်းအဓိပ္ပာယ်ရှိတယ်။ အခုထက်လည်း ပိုကောင်းအောင် ကစားသွားမှာပါ။ ကိုယ့်အကြောင်းကိုယ် သိတယ်၊ ဒီအသင်းက ကျွန်တော့်နေရာကိုလည်း ကောင်းကောင်းသိပါတယ်”လို့ ပြောသွားခဲ့ပါတယ်။