The network connection is lost.

Banner Image

တိုက်ကြီးများဖလားဗိုလ်လုပွဲမတိုင်ခင် အမ်ဘာပေ ပြန်ကစားပေးနိုင်ဖို့ မျှော်လင့်နေတဲ့ အန်ဆယ်လော့တီ

အန်ဆယ်လော့တီက အခုသီတင်းပတ်၊ တိုက်ကြီးများဖလားဗိုလ်လုပွဲမတိုင်ခင် ရီးရဲလ်မက်ဒရစ်အသင်းအတွက် အမ်ဘာပေ ပြန်ကစားပေးနိုင်မယ့် အခွင့်အလမ်းနဲ့ပတ်သက်လို့ အကောင်းမြင်စိတ်အပြည့်ရှိနေပါတယ်။ အမ်ဘာပေက ဗယ်လီကာနိုနဲ့ တစ်ဖက်သုံးဂိုးစီသရေကျခဲ့တဲ့ ပြီးခဲ့တဲ့စနေနေ့လာလီဂါပွဲစဉ်ကို ပေါင်ခြံဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီးနောက် အခုညပိုင်း၊ ကာတာနိုင်ငံမှာ ပါချူကာနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်ကိုလည်း လွဲချော်သွားမယ်လို့ မျှော်လင့်ရပါတယ်။ 

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက ပြင်သစ်ကြယ်ပွင့်ကို ဒိုဟာမြို့ဆီထွက်ခွာမယ့်ခရီးစဉ်အတွက် အသင်းလူစာရင်းမှာ ထည့်သွင်းထားခဲ့ပြီး ယမန်နေ့၊ အသင်းလိုက်လေ့ကျင့်ရေးအစီအစဉ်မှာလည်း အသင်းဖော်တွေနဲ့အတူ အမ်ဘာပေကို မြင်တွေ့ခဲ့ရပါတယ်။

အန်ဆယ်လော့တီကိုယ်တိုင်လည်း ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ မက္ကဆီကိုကလပ်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် ပုံစံကောင်းမှာရှိနေပြီလို့ ကြေညာခဲ့ပေမယ့် အမ်ဘာပေကို ပွဲကစားချိန်ပေးဖို့ကိစ္စအတွက်တော့ အသင်းဆေးအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသွားရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်ဆယ်လော့တီက “ဒီကိစ္စကတော့ ရိုးရှင်းပါတယ်။ မနေ့တုန်းကလည်း သူ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ သူ့ရဲ့ခံစားချက်တွေလည်း ကောင်းမွန်နေပါတယ်။ ဒီနေ့ကတော့ တကယ့်ကိုအရေးကြီးလှတဲ့လေ့ကျင့်ရေးအစီအစဉ်ဖြစ်ပါတယ်။ ဒီလေ့ကျင့်ရေးအစီအစဉ်မှာ ကျွန်တော်တို့က အမ်ဘာပေရဲ့ခံစားချက်နဲ့ စွန့်စားရနိုင်ခြေတွေကို တွက်ချက်လေ့လာသွားရပါမယ်။ အသင်းရဲ့ဆရာဝန်တွေနဲ့ ဆွေးနွေးပြီးနောက် အမ်ဘာပေသာအဆင်ပြေပြေရှိနေမယ်ဆိုရင် သူ ကစားခွင့်ရရှိပါလိမ့်မယ်။

 အန္တရာယ်တစုံတခုရှိနေမယ်ဆိုရင်တော့ သူ မကစားရပါဘူး။ ဒါပေမယ့် မနေ့တုန်းကအထိတော့ အမ်ဘာပေရဲ့ခံစားချက်တွေ ကောင်းမွန်နေခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်းမြင်ထားပါတယ်”လို့ ပြောပါတယ်။ အခုရာသီ၊ ရီးရဲလ်မက်ဒရစ်အတွက် ၂၂ ပွဲကစား၊ ၁၂ ဂိုးအထိ သွင်းယူပေးထားတဲ့ အမ်ဘာပေက အသင်းအတွက် တိုက်ကြီးများဖလားကို ရယူပေးသွားဖို့ မျှော်လင့်နေပါလိမ့်မယ်။