
The network connection is lost.

အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း မန်ချက်စတာယူနိုက်တက်ရဲ့စိတ်ဝင်စားမှုတွေ ရှိနေချိန် ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးက ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခုလုပ်ဆောင်ဖို့အတွက် အဆင်သင့်ပဲလို့ ပြောဆိုလိုက်ပါတယ်။
ပရီးမီးယားလိဂ်ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးအဖြစ် မိမိကိုယ်ကိုတည်ဆောက်နိုင်ခဲ့တဲ့ အိုင်ဗန်တိုနေးဆီ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ယူနိုက်တက်၊ အာဆင်နယ်၊ ချဲလ်ဆီးတို့ရဲ့ အခိုင်အမာချိတ်ဆက်မှုတွေ ရောက်ရှိလာခဲ့ဖူးပါတယ်။ လက်ရှိမှာ အာဆင်နယ်၊ ချဲလ်ဆီးတို့ရဲ့စိတ်ဝင်စားမှုတွေ အတိုင်းအတာတစ်ခုအထိ အေးစက်သွားပေမယ့် ယူနိုက်တက်ကတော့ တော့တင်ဟမ်နဲ့အပြိုင် တိုနေးကို အခုနွေရာသီကာလအတွင်း အမိအရခေါ်ယူသွားဖို့ အလွန်စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် နွေရာသီ၊ စာချုပ်သက်တမ်းကုန်ဆုံးချိန် အသင်းမှထွက်ခွာဖွယ်ရှိနေတဲ့ တိုနေးက ဘရန့်ဖို့ဒ်အပေါ်မှာသာ သူ့ရဲ့အာရုံစိုက်မှုတွေ အပြည့်အဝရှိနေတယ်လို့လည်း အခိုင်အမာပြောဆိုလိုက်ပါတယ်။
ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ တိုနေးက “ကျွန်တော်က ဘရန့်ဖို့ဒ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ ကျွန်တော့်မှာ စာချုပ်သက်တမ်းတစ်နှစ် ကျန်ရှိနေပါသေးတယ်။ လက်ရှိအချိန်မှာ အဓိကပြိုင်ပွဲကြီးတစ်ရပ်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ကသာ ကျွန်တော့်ရဲ့အဓိကဦးတည်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကာလတွေ လွန်မြောက်ချိန်မှာ ကျွန်တော် ဘရန့်ဖို့ဒ်အသင်းဆီ ပြန်သွားပြီး ဘရန့်ဖို့ဒ်ကစားသမားအဖြစ် ဆက်ရှိသွားပါလိမ့်မယ်။ အခြားကလပ်အသင်းတွေရဲ့ ချိတ်ဆက်မှုတွေရှိခဲ့တာ ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီအရာတွေက အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ။ ဘာမှဖြစ်မလာသေးခင်အထိ ဘယ်အရာကိုမှ လုပ်စရာမလိုပါဘူး။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ကျွန်တော်က ဘရန့်ဖို့ဒ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ လာမယ့်ဘောလုံးရာသီ၊ ဘရန့်ဖို့ဒ်အတွက်ပဲ လုံးဝအာရုံစိုက်သွားပါမယ်။ ဒါက အဓိကအချက်ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ကြီးမားတဲ့အပြောင်းအရွှေ့တစ်ခုအတွက် အဆင့်သင့်ဖြစ်နေခဲ့သလားဆိုတဲ့မေးခွန်းကို တိုနေးက “သေချာပါတယ်၊ အဲ့ဒီလိုမျိုးဖြစ်လာခဲ့မယ်ဆိုရင်လည်း ကျွန်တော် အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်က ကိုယ်အာရုံစိုက်ရမယ့်အရာသီးသန့်ကိုပဲ အာရုံစိုက်ခဲ့ပြီး အခြားအရာတွေကို စိတ်ထဲမထည့်ထားပါဘူး။ ကျွန်တော်က ကလပ်အသင်းအတွက် ကိုယ်လုပ်ပေးဖို့လိုအပ်မယ့်အရာကိုပဲ အာရုံစိုက်ထားပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
တိုနေးက လိုင်လီကြယ်ပွင့် ဂျိုနသန်ဒေးဗစ်၊ ဘိုလော့ဂ်နာ ဂိုးသွင်းစက် ဂျိုရှုအာဇက်ဇီတို့နဲ့အတူ အခုနွေရာသီကာလအတွင်း မန်ချက်စတာယူနိုက်တက် ပစ်မှတ်ထားနေတဲ့ စကာတင်တိုက်စစ်မှူးသုံးဦးစာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။