The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်နဲ့ စာချုပ်သစ် ချုပ်ဆိုမှာမဟုတ်ကြောင်း ပြောကြားပြီးနောက် အသင်းသစ်သို့ ပြောင်းရွှေ့ဖို့နီးစပ်နေတဲ့ အိုင်ဗန်တိုနေး

ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ အသင်းနဲ့ စာချုပ်သစ် ထပ်မံချုပ်ဆိုမှာ မဟုတ်ကြောင်း ပြောကြားခဲ့တာကြောင့် ယခုအခါမှာတော့ အသင်းသစ်ဖို့ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။ ၂၀၂၁-၂၂ ခုနှစ်မှာ ဘရန့်ဖို့ဒ်အတွက် စတင်ပွဲထွက်ကစားခဲ့တဲ့ တိုနေးဟာ ရာသီတိုင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်ကို ထိပ်တန်းကလပ်တစ်ခုအဖြစ် တည်ဆောက်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ထားတာဖြစ်ပါတယ်။

၂၀၂၀ ကတည်းက ပေါင် ၁၀ သန်းနဲ့ ဘရန့်ဖို့ဒ်သို့ စတင်ရောက်ရှိလာခဲ့တဲ့ တိုနေးဟာ လက်ရှိအချိန်မှာတော့ အသင်းအတွက် ၁၄၁ ပွဲကစားပြီး၇၂ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။ အဆိုပါ ၇၂ ဂိုးထဲမှ ၃၆ ဂိုးဟာ အသင်းမှာကစားခဲ့တဲ့ ၃ ရာသီအတွင်းမှာ သွင်းယူခဲ့တဲ့ ပရီးမီးယားလိဂ်သွင်းဂိုးတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီကတော့ တိုက်စစ်မှူးဟာ လောင်းကစားပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အက်ဖ်အေရဲ့ ၈ လကြာဘောလုံးကစားခွင့်ပိတ်ပင်ခံခဲ့ရပြီး ရာသီကုန်ခါနီးမှ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခဲ့ပါတယ်။ တိုနေးဟာ လာမယ့်နှစ်နွေရာသီမှာ ဘရန့်ဖို့ဒ်နဲ့ စာချုက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ အစီအစဉ်မရှိဘူးလို့သိရပါတယ်။

Talk Sport ရဲ့အဆိုအရ တိုနေးဟာ တော့တင်ဟမ်သို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ကမ်းလှမ်းမှုကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။ ယခင်က အာဆင်နယ်ဟာ တိုနေးကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ယခုအခါမှာတော့ ကမ်းလှမ်းမှုပြုလုပ်လိုခြင်းမရှိဘဲ အခြားတိုက်စစ်မှူးတွေကိုသာ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အချို့နဲ့ ဆော်ဒီအာရေဗျကလပ်တွေက တိုနေးကို စိတ်ဝင်စားနေကြပေမယ့် အပြောင်းအရွှေ့မဖြစ်လာခဲ့ရင်တော့ လာမယ့် ၂၀၂၅ နွေရာသီမှာ ဘရန့်ဖို့ဒ်အနေနဲ့ အဖိုးတန်တိုက်စစ်မှူးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်သွားရမှာဖြစ်ပါတယ်။ ဘောလုံးကစားခွင့်မှ ကာလရှည်ပိတ်ပင်ခံရပြီးနောက် ပြန်ကစားချိန်မှာ တိုနေးဟာ ဘရန့်ဖို့ဒ်အတွက် ၄ ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အတွက် စွမ်းဆောင်ရည်ကောင်းတွေပြသခဲ့တာကြောင့် တန်ကြေးမြင့်လာခဲ့တာဖြစ်ပါတယ်။

တိုနေးဟာ ဆလိုဗက်ကီးယားနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ယူရိုရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ အသင်းအတွက် အရန်ကစားသမားအဖြစ်ပါဝင်ပြီး အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆွစ်ဇာလန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာလည်း တိုနေးဟာ အသင်းအတွက် ပင်နယ်တီအဆုံးအဖြတ်မှာ ဝင်အောင်ကန်သွင်းနိုင်ခဲ့တာကြောင့် ဂါရတ်ဆောက်ဂိတ်ရဲ့အသင်းကို နောက်တစ်ဆင့်တက်ရောက်ဖို့ ကူညီပေးနိုင်ခဲ့ပါတယ်။