
အနာဂတ်အတွက် ရေရေရာရာဆုံးဖြတ်ရခြင်း မရှိသေးဘူးလို့ ဆိုလိုက်တဲ့ ဂန်းနားပစ်မှတ်ဇူဘီမန်ဒီ
ရီးရဲလ်ဆိုစီဒက်ကြယ်ပွင့်မာတင်ဇူဘီမန်ဒီက အဆုံးသတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာ သူမသိသေးဘူးလို့ ပြောကြားခြင်းဖြင့် အာဆင်နယ်ဆီပြောင်းရွှေ့နိုင်မယ့်အလားအလာအပေါ် သံသယတွေနဲ့ ချဉ်းကပ်လာပါတယ်။ သတင်းတွေအရ ကလပ်အသင်းနှစ်ခုအကြား ပေါင် ၅၁ သန်းတန်သဘောတူညီမှုတစ်ခုရရှိပြီးနောက် ကစားသမားကို ဆေးစစ်ဖို့သာ ကျန်ရှိတော့ပြီး အာဆင်နယ်ဆီ ဇူဘီမန်ဒီရောက်ရှိဖို့ အတော်လေးနီးစပ်နေပြီလို့ သိရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ကစားသမားက စပိန်မြေမှာဆက်ရှိနေမယ့်အလားအလာကိုလည်း စဉ်းစားလာနေပုံ ရပါတယ်။
ဇူဘီမန်ဒီက အခုနွေရာသီ၊ စပိန်မြေမှာ ဘယ်လိုအဆုံးသတ်မျိုးရှိလာမလဲဆိုတာ သူကိုယ်တိုင်လည်း မသိသေးဘူးလို့ ပြောကြားခဲ့သလို ဂန်းနားတွေနဲ့လည်း ဆေးစစ်မှုမပြုလုပ်ရသေးဘူးလို့ အတည်ပြုခဲ့ပါတယ်။ စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားက မြောက်လန်ဒန်သားတွေရဲ့အဓိကအပြောင်းအရွှေ့ပစ်မှတ် ဖြစ်နေပေမယ့် ဆိုစီဒက်ဥက္ကဌနဲ့ နည်းစနစ်ဒါရိုက်တာတို့ကလည်း အသင်းမှာ ဇူဘီမန်ဒီဆက်ရှိနေနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
Radiogaceta de los Deportes နဲ့ တွေ့ဆုံချိန် ဇူဘီမန်ဒီက “ အမှန်ပါပဲ၊ ရွေးချယ်စရာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ဒါက မတူကွဲပြားတဲ့နွေရာသီကာလရှည်ကြီးတစ်ခုလို ဖြစ်လာနိုင်ပြီး ဘယ်လိုအဆုံးသတ်မလဲဆိုတာ မသိရသေးပါဘူး။ အဲ့ဒီကိစ္စကို အခုအချိန်မှာ ဦးစားပေးစဉ်းစားနေတာမျိုးလည်း မရှိပါဘူး။ အခု ကျွန်တော်က နိုင်ငံ့လက်ရွေးစင်အသင်းမှာရှိနေပြီး မေးခွန်းတွေလည်း တော်တော်များများနေပါပြီ။ ပြောဖို့လိုအပ်လာရင် ကျွန်တော်ထုတ်ပြောပါ့မယ်”လို့ ဆိုပါတယ်။
အပြောင်းအရွှေ့အတွက် ဆေးစစ်မှုခံယူပြီးပြီဆိုတဲ့ သတင်းတွေနဲ့ပတ်သက်လို့ မေးမြန်းရာ သူက “ ဒါက ဘောလုံးလောကမှာ ဖြစ်ပျက်နေတဲ့အရာတွေအတွက် ဥပမာတစ်ခုပါပဲ။ မနက်မိုးလင်းအိပ်ယာထလာချိန်တိုင်း ကျွန်တော် မလုပ်ထားတဲ့အရာတွေအကြောင်းကို ကျွန်တော်ကိုယ်တိုင် မြင်တွေ့ဖတ်ရှုရပါတယ်။ ဒါက အတော်လေးကို ရှင်းလင်းလှတဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။ ကျွန်တော့်ဘက်ကတော့ အဲ့ဒီလိုကိစ္စတွေကို သိပ်ပြီး အလေးအနက်မထားပါဘူး။ ဒါပေမဲ့ ဖြစ်ပျက်နေတဲ့အရာတွေက အတိအကျတော့ မဟုတ်သေးပါဘူး”လို့ တုံ့ပြန်ဖြေကြားပါတယ်။
ဒါကြောင့် အာဆင်နယ်ဆီ ဇူဘီမန်ဒီရောက်ရှိလာမလားဆိုတာ ဆက်လက်စောင့်ကြည့်သွားဖို့ပဲ ကျန်ပါတော့တယ်။ သေချာပေါက်အပြောင်းအရွှေ့ဖြစ်လာတော့မယ်ဆိုတဲ့ ထင်မြင်ချက်တွေကတော့ အခုအချိန်မှာ သံသယဝင်စရာအနည်းငယ်ရှိလာခဲ့ပါပြီ။