
လန်ဒန်မြေရှုံးနိမ့်မှုအတွက် လီဗာပူးအသင်းဖော်တွေကို ပြစ်တင်ကြိမ်းမောင်းခဲ့တဲ့ ဗန်ဒိုက်
ခရစ္စတယ်ပဲလေ့စ်ကို စိတ်ပျက်ဖွယ်ရှုံးနိမ့်ပြီးနောက် လီဗာပူးကပ္ပတိန်ဗန်ဒိုက်က ကလပ်အသင်းဖော်တွေကို ပြစ်တင်ကြိမ်းမောင်းခဲ့ပေမဲ့ အလီဆင်ကိုတော့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားလို့ ချီးမြှောက်ကာ ပွဲပြီးရလဒ်ပိုင်းအတွက် ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။ အန်ကတ်တီယာရဲ့နောက်ကျသွင်းဂိုးဖြင့် ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ပြီးနောက် လီဗာပူးက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဗန်ဒိုက်ကိုယ်တိုင်လည်း စနေနေ့၊ ဆဲလ်ဟတ်ပတ်ခ်မှာ ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းအတွက် သူ့ရဲ့စိတ်ပူပန်မှုတွေကို ထုတ်ဖော်လာခဲ့ပြီး အခုရာသီပထမဆုံးရှုံးပွဲအလွန်ကာလမှာ အသင်းကို အလျှင်အမြန် ပြုပြင်ပြောင်းလဲသွားဖို့ လိုအပ်ပြီလို့ ယုံကြည်နေခဲ့ပါတယ်။
ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဒတ်ချ်နောက်ခံလူက “ ရှုံးနိမ့်မှုနဲ့ပတ်သက်လို့ ကျွန်တော်လည်း စိတ်ပျက်မိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ ဒီရှုံးပွဲကို ဖြတ်သန်းခဲ့တဲ့ပုံစံပေါ့။ ဒီနေရာမှာ စိတ်ပူစရာတစ်ခုခု ရှိနေပြီလို့ မထင်မိပေမဲ့ ကျွန်တော်တို့တွေ အလျှင်အမြန်တိုးတက်လာဖို့တော့ လိုအပ်နေပါပြီ။ဒါက ကျွန်တော်တို့ အကောင်းဆုံးမလုပ်နိုင်ခဲ့တဲ့ အခြေခံအကြောင်းတရားတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အခုဘောလုံးရာသီအတွက် ဒီလိုပုံစံမျိုးလုပ်မိခဲ့တဲ့ တစ်ခုတည်းသောနေ့ရက်ဖြစ်လာဖို့လည်း မျှော်လင့်မိပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကို ရပ်တန့်ပစ်ဖို့ဆိုတာ အတော်လေးအခက်တွေ့ခဲ့ပါတယ်။ သူတို့ရဲ့ ကစားပုံက အလွန်စနစ်ကျပြီး ခံစစ်ကိုလည်း ဘာကိုမှအာရုံမစိုက်ဘဲ ကျစ်ကျစ်လစ်လစ် ကာကွယ်ကြပါတယ်။ သူတို့မှာ တန်ပြန်တိုက်စစ်မှတဆင့် ပြိုင်ဘက်ကို နာကျင်အောင်ပြုလုပ်နိုင်တဲ့ အရည်အသွေးရှိပါတယ်။ ဒါပေမဲ့ အရာအားလုံးရဲ့အစကတော့ ကျွန်တော်တို့ကိုယ်တိုင်ပါပဲ။ ကျွန်တော်တို့ရဲ့ကစားပုံက စနစ်တကျမရှိခဲ့ပါဘူး။ ပြီးတော့ ကျွန်တော်တို့ကိုကယ်တင်ပေးနိုင်မဲ့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားရှိနေတာ ကံကောင်းတဲ့အချက်ပါပဲ”လို့ ပြောပါတယ်။
ဆက်လက်ပြီး လီဗာပူးကပ္ပတိန်က “ ပထမပိုင်းကိုကြည့်လိုက်မယ်ဆိုရင် လူတိုင်းမှာ လိုအပ်ချက်ရှိခဲ့ပါတယ်။ လူတိုင်းက ကိုယ့်ရဲ့နည်းလမ်းနဲ့ပဲ ကိစ္စတွေကို ကိုင်တွယ်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းတစ်ခုအဖြစ် ဒီလိုအရာတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ဖို့ လိုအပ်ပါတယ်။ အခုအချိန်မှာ အကြီးမားဆုံးစိန်ခေါ်မှုကတော့ တည်တည်ငြိမ်ငြိမ်ရှိနေဖို့ပဲ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ ပိုကောင်းအောင်လုပ်လာနိုင်မလဲဆိုတာကို လူတိုင်းသိကြပါတယ်”လို့ ပြောပါတယ်။
အခုတော့ အင်္ဂလန်ချန်ပီယံတွေက လာမယ့်အင်္ဂါနေ့၊ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဂါလာတာစာရေးနဲ့ရင်ဆိုင်ဖို့ ပြင်ဆင်သွားရပါလိမ့်မယ်။ ဒီနောက်မှာတော့ သူတို့တွေက အောက်တိုဘာ ၄ ရက်၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ရင်ဆိုင်ဖို့ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ခရီးဆက်ရပါမယ်။