The network connection is lost.

Banner Image

အနီကတ်ကြောင့်ကွင်းထဲကထွက်ခွာရချိန် ရော်နယ်ဒိုသူ့ကိုဘာပြောခဲ့သလဲ ဖွင့်ဟလာတဲ့ အိုင်ယာလန်နည်းပြ

သောကြာနေ့နံနက်က ပေါ်တူဂီကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုဟာ အနီကတ်ပြသခံရပြီးနောက် ကွင်းထဲကထွက်ခွာရချိန် သူ့ကိုဘာပြောခဲ့သလဲဆိုတာ အိုင်ယာလန်နည်းပြ ဟောလ်ဂရင်မ်ဆန်က ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အိုင်ယာလန်အတွက်အနိုင်ဂိုး ၂ ဂိုးစလုံးကို ထရိုင်ပါရော့တစ်ယောက်တည်းက သွင်းယူပေးခဲ့တာဖြစ်ပြီး ယခုနိုင်ပွဲကြောင့် အိုင်ယာလန်ဟာ စနေနေ့ဟန်ဂေရီနဲ့ယှဉ်ပြိုင်သွားရမယ့် ကမ္ဘာ့ဖလားနောက်ဆုံးခြေစစ်ပွဲမတိုင်မီ ခြေစစ်ပွဲအောင်ဖို့အတွက် အတော်လေးမျှော်လင့်ချက်ရှိလာခဲ့ပါတယ်။ 

ပေါ်တူဂီအနေနဲ့ ဦးဆောင်ဂိုး ၂ ဂိုးအထိခွင့်ပြုလိုက်ရပြီးနောက် ဒုတိယပိုင်းမှာ ချေပဂိုးတွေအတွက်တိုက်စစ်ဆင်မှုတွေပြုလုပ်ခဲ့ပေမယ့် ပွဲကစားချိန် ၆၂ မိနစ်မှာ ရော်နယ်ဒိုတစ်ယောက် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံလိုက်ရတာကြောင့် လက်ကျန်ပွဲချိန်တွေမှာ ကစားသမား ၁၀ ယောက်တည်းနဲ့ကစားခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ အိုင်ယာလန်ကစားသမား ဒါရာအိုရှေးနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပြီး တံတောင်နဲ့ရိုက်ခဲ့တာကြောင့် ကနဦးက အဝါကတ်ပြသခံခဲ့ရပါတယ်။ ထို့နောက်ရော်နယ်ဒိုဟာ အိုရှေးကို ငိုယိုတဲ့အမူအရာနဲ့လှောင်ပြောင်ခဲ့ပြီးနောက် ကွင်းလယ်ဒိုင်က VAR နဲ့ပြန်လည်စစ်ဆေးကာ အဝါကတ်အစား အနီကတ်ပြသဖို့ဆုံးဖြတ်ခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အနီကတ်ပြသခံခဲ့ရတာကြောင့် ရော်နယ်ဒိုဟာ လာမယ့်တနင်္ဂနွေနေ့ အာမေးနီးယားနဲ့ယှဉ်ပြိုင်သွားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးပွဲစဉ်ကိုလွဲချော်သွားမှာဖြစ်သလို၊ ၂ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရပါက ကမ္ဘာ့ဖလားအဖွင့်ပွဲကိုလည်း ဆက်လက်လွဲချော်သွားမှာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဟောလ်ဂရင်မ်ဆန်က "ကျွန်တော်က ဒိုင်လူကြီးကို အနီကတ်ပြဖို့ ဖိအားပေးခဲ့တယ်လို့ ရော်နယ်ဒိုက ပြောခဲ့ပါတယ်။ ဒါပေမယ့် တကယ်ကကျွန်တော်နဲ့မဆိုင်ပါဘူး။ သူအနီကတ်ပြခံရတာ ကွင်းထဲကသူလုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့်ပါပဲ။ သူက ဒီအနီကတ်အတွက် သူ့ကိုယ်သူအပြစ်မတင်ဘဲ ကွင်းလယ်ဒိုင်နဲ့အခြားလူတွေကိုအပြစ်တင်နေပါတယ်။ တကယ်တော့ သူ့ရဲ့မိုက်မဲတဲ့ဆုံးဖြတ်ချက်ကြောင့်ပဲ အခုလိုအပြစ်ပေးခံရတာပါ" လို့ပြောကြားခဲ့ပါတယ်။ 

ပေါ်တူဂီလက်ရွေးစင်နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်ကတော့ ရော်နယ်ဒိုဟာ အိုရှေးကိုတွန်းထုတ်ဖို့သာကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သူ့ရဲ့အသင်းခေါင်းဆောင်ဘက်မှကာကွယ်ပြောဆိုခဲ့ပြီး လက်ရွေးစင်ကစားသမားဘဝ ရော်နယ်ဒိုရဲ့ပထမဆုံးအနီကတ်အတွက်လည်း အံ့အားသင့်မိတယ်လို့ ပြောကြားခဲ့ပါတယ်။