
အင်တာမီလန်မှ သူ့ရဲ့ထွက်ခွာလာတဲ့ပုံစံအပေါ် ကာကွယ်ပြောဆိုခဲ့တဲ့ ဆီမြွန်နီအင်ဇာဂီ
အင်တာမီလန်နည်းပြဟောင်းဆီမြွန်နီအင်ဇာဂီက ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်ဟီလယ်ဆီ သူ့ရဲ့ပြောင်းရွှေ့လာတဲ့ပုံစံနဲ့ပတ်သက်လို့ ထွက်ပေါ်နေတဲ့ဝေဖန်သံတွေကို ဂရုမစိုက်ဘဲ ပစ်ပယ်ထားခဲ့ပါတယ်။ အင်ဇာဂီက အယ်လ်ဟီလယ်နည်းပြဘဝပွဲဦးထွက်အဖြစ် အခုညပိုင်း၊ မီယာမီမှာ ရီးရဲလ်မက်ဒရစ်နဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်ကို ကိုင်တွယ်သွားပါလိမ့်မယ်။
အယ်လ်ဟီလယ်အမှုဆောင်အရာရှိချုပ်ကယ်လ်ဇာဒါကတော့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အင်တာမီလန်အသင်း ဂိုးပြတ်အရေးနိမ့်တဲ့ပွဲစဉ်မတိုင်ခင် အင်ဇာဂီရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ရှိခဲ့တယ်လို့ BBC သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။ ကယ်လ်ဇာဒါက “ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာတဲ့ကိစ္စတစ်ခုလို့ ထင်ရပေမယ့် ဆီမြွန်နီအင်ဇာဂီသာ ကျွန်တော်တို့ရဲ့ဦးစားပေးနံပါတ်တစ်လို့ အမြဲတမ်းရှင်းရှင်းလင်းလင်းဖြစ်နေခဲ့တဲ့ အသင်းဥက္ကဋ္ဌကြီးရဲ့အားထုတ်မှုရလဒ်တစ်ခုသာ ဖြစ်ပါတယ်။
အင်ဇာဂီကိုယ်တိုင်လည်း အရေးကြီးပွဲစဉ်တစ်ခုကစားရဖို့ ရှိနေခဲ့ပြီး ဖိုင်နယ်မတိုင်ခင်အထိ ဒီကိစ္စကို ဘေးဖယ်ထားဖို့အတွက် ကျွန်တော်တို့ဆီ တောင်းဆိုခဲ့ပါတယ်။ စောင့်ဆိုင်းပေးဖို့ဆိုတဲ့ အင်ဇာဂီရဲ့ပန်ကြားမှုကို ကျွန်တော်တို့လေးစားတာကြောင့် ဆုံးဖြတ်ပြီးသားကိစ္စဖြစ်ပေမယ့် ဗိုလ်လုပွဲမတိုင်ခင်အထိတော့ လက်မှတ်မရေးထိုးနိုင်ခဲ့ပါဘူး။ ဒါက လုံလောက်မျှတပါတယ်”လို့ ပြောပါတယ်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မေ ၃၁ ရက်မှာ ကျင်းပခဲ့ပြီး နောက်လေးရက်အကြာမှာပဲ အင်ဇာဂီကို အယ်လ်ဟီလယ်နည်းပြသစ်အဖြစ် တရားဝင်ကြေညာခဲ့ပါတယ်။ ကယ်လ်ဇာဒါရဲ့မှတ်ချက်ကြောင့် နည်းပြအပြောင်းအရွှေ့မှာ အင်တာမီလန်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို လွှမ်းမိုးမှုရှိ၊မရှိ တွေးစရာဖြစ်ခဲ့တယ်လို့ အီတာလျံမီဒီယာတွေမှာ ရေးသားဖော်ပြပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာလည်း အင်ဇာဂီဆီ ဒီလိုသတင်းရေးသားမှုနဲ့ပတ်သက်လို့ မေးခွန်းထုတ်လာခဲ့ပါတယ်။
အင်ဇာဂီက “ အင်တာမီလန်နည်းပြဘ၀ လေးနှစ်တာကာလတလျှောက် မကြာခဏကြုံတွေ့ရလေ့ရှိတဲ့ ပုံစံအတိုင်း ဒီနေ့မှာလည်း ကိစ္စတိုင်းကို ကြားသိခဲ့ရပါတယ်။ တကယ်လို့ အခုလိုဝေဖန်မှုတွေက အင်တာမီလန်မှာရှိခဲ့တဲ့ ကျွန်တော့်ရဲ့လေးနှစ်တာကာလအတွက် ပေးဆပ်ရမယ့်တန်ရာတန်ကြေးဆိုရင်လည်း ကျွန်တော် ပျော်ပျော်ကြီးပေးဆပ်သွားပါမယ်။ ဒါပေမဲ့ ကျွန်တော်ရရှိခဲ့တဲ့ လူတိုင်းရဲ့မေတ္တာတရားတွေနဲ့တော့ ဒီလိုအရာတွေကို မနှိုင်းယှဉ်နိုင်ပါဘူး။ ကျွန်တော်က အင်တာမီလန်ပရိသတ်တွေ၊ အသင်းအကြီးအကဲတွေနဲ့ ကစားသမားတွေအကြောင်း ပြောနေတာပါ။
လွန်ခဲ့တဲ့လေးနှစ်တာကာလတလျှောက်လုံး မမျှတတဲ့စွပ်စွဲချက်တွေ ရှိခဲ့ဖူးတယ်ဆိုရင်တောင် ဒီလိုကောင်းတဲ့အရာတွေကိုတော့ ကျွန်တော် အမြဲတမ်းအမှတ်ရနေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ကျွန်တော်က ကလပ်အသင်းတာဝန်ရှိသူတွေနဲ့ နီးနီးကပ်ကပ်လက်တွဲပြီး အရာရာတိုင်းပေးဆပ်ခဲ့ပါတယ်။ ချုပ်ပြောရရင်တော့ သူတို့လိုပဲ ကျွန်တော်ကိုယ်တိုင်လည်း အင်တာမီလန်ကောင်းကျိုးအတွက် ကျွန်တော်တို့ရဲ့လမ်းခွဲခြင်းသာ အကောင်းဆုံးအရာဖြစ်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ လူတိုင်းရဲ့ရင်ထဲမှာလည်း နာကျင်မှုတွေအပြည့် ရှိခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး အင်ဇာဂီက ဥရောပထိပ်တန်းကလပ်အသင်းတစ်ခုဆီမှ ပေါ်ထွန်းစီဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ သူ့ရဲ့ရွေးချယ်မှုကို ကာကွယ်သွားခဲ့ပါတယ်။ သူက “ အင်တာမီလန်မှာ နှစ်ပေါင်းများစွာရှိနေပြီးနောက် Comfort Zone မှရုန်းထွက်ပြီး စိန်ခေါ်မှုကို လက်ခံခဲ့ပါတယ်။ ကျွန်တော့်ရဲ့တွေးခေါ်ပုံ၊ ကစားဟန်ကို ပြောင်းလဲချင်ပြီး အသစ်အသစ်သောအရာအတွက် ကြိုးစားကြည့်ချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် နည်းပြတာဝန်ယူချင်တဲ့ အခြားကလပ်အသင်းလည်း မရှိပါဘူး။ ဒါကြောင့်ပဲ အယ်လ်ဟီလယ်ကို ရွေးချယ်ခဲ့တာပါ”လို့ ဆက်ပြောပါတယ်။