The network connection is lost.

Banner Image

အရေးကြီးပွဲစဉ်အတွက် လော်တာရိုမာတီနက်ဇ်လွဲချော်မယ့်အရေးကို စိုးရိမ်ပူပန်နေတဲ့ အင်တာမီလန်

အာဂျင်တီးနားလက်ရွေးစင်အသင်းရဲ့ပွဲစဉ်ဇယားအပြောင်းအလဲတစ်ခုကြောင့် ရိုးမားနဲ့ရင်ဆိုင်ရမယ့် ပွဲကြီးပွဲကောင်းကို နိုင်ငံ့လက်ရွေးစင်တာဝန်မှ နောက်ကျပြန်လာတဲ့ လော်တာရိုမာတီနက်ဇ် လွဲချော်ဖွယ်ရှိနေမှုအပေါ် အင်တာမီလန်အသင်း စိုးရိမ်ပူပန်နေပါတယ်။

အင်တာမီလန်က လာမယ့်သီတင်းပတ်၊ စနေနေ့၊ အိုလံပစ်ကွင်းမှာ စီးရီးအေအမှတ်ပေးဇယားပူးတွဲဦးဆောင်သူ ရိုးမားနဲ့ ယှဉ်ပြိုင်ကစားရပါမယ်။အထူးသဖြင့် အခုပွဲစဉ်အပြီး ချန်ပီယံလိဂ်ပွဲစဉ်လည်း ကစားရဖို့ရှိနေလို့ မူလအစီအစဉ်အရ ကစားရမယ်ဆိုရင်တောင် တောင်အမေရိကဒေသမှ ပြန်လည်ရောက်ရှိလာတဲ့ ကစားသမားတွေအတွက် ကြံ့ခိုင်မှုပြည့်ဝနေဖို့ အတော်လေးခက်ခဲပါလိမ့်မယ်။

ဒါပေမဲ့ အာဂျင်တီးနားကိုယ်စားပြုကစားပေးရမယ့်သူတွေအတွက်တော့ အခြေအနေက ပိုတောင် ရှုပ်ထွေးလာနိုင်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းက အောက်တိုဘာနိုင်ငံတကာသီတင်းပတ်အတွင်း မီယာမီမှာ ဗင်နီဇွဲလား၊ ချီကာဂိုမှာ ပွာတိုရီကိုတို့နဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ လုံခြုံရေးဆိုင်ရာစိုးရိမ်ချက်တွေကြောင့် ပွာတိုရီကိုနဲ့ပွဲစဉ်ကို နောက်တစ်ရက်အကြာ၊ မီယာမီမှာ ပြောင်းရွှေ့ကျင်းပဖို့ဆုံးဖြတ်ခဲ့လို့ လာမယ့်သီတင်းပတ်၊အင်္ဂါနေ့မတိုင်ခင်အထိ ဒီပွဲစဉ်ကို မကစားနိုင်သေးပါဘူး။

ဒါက လော်တာရိုမာတီနက်ဇ်ကို ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းအထိ အီတလီနိုင်ငံဆီ ပြန်လာနိုင်စရာမရှိဘူးလို့ အဓိပ္ပါယ်သက်ရောက်စေပါတယ်။ ဒါကြောင့် ကစားသမားအတွက် စနေနေ့၊ စီးရီးအေပွဲကြီးပွဲကောင်းမှာပါဝင်ဖို့နဲ့ လေ့ကျင့်ပြင်ဆင်ဖို့ အချိန်အနည်းငယ်သာ ရရှိစေပါတယ်။ ခြေစမ်းပွဲဖြစ်နေလို့ အင်တာမီလန်က သူတို့ရဲ့အသင်းခေါင်းဆောင်ကို ပွာတိုရီကိုနဲ့ပွဲစဉ်မှာ အသုံးမပြု ဖို့နဲ့ အီတလီနိုင်ငံဆီ စောစောစီးစီးပြန်လွှတ်ပေးဖို့ အာဂျင်တီးနားအသင်းထံ ခွင့်ပြုချက်တောင်းခံနိုင်ပါတယ်။