The network connection is lost.

Banner Image

မွန်တာရေးနဲ့ သရေကျပြီးနောက် တိုးတက်ဖို့လိုအပ်နေသေးကြောင်း အင်တာမီလန်ကို မာတီနက်ဇ်သတိပေး

ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်မှာ မွန်တာရေးကို ၁-၁ နဲ့သရေကျခဲ့ပြီးနောက် အင်တာမီလန်အသင်းခေါင်းဆောင် လော်တာရိုမာတီနက်ဇ်က အသင်းအနေနဲ့ အခုထက်ပိုပြီး တိုးတက်ဖို့လိုအပ်နေသေးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

အင်တာမီလန်အနေနဲ့ ယခုပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး အခွင့်အရေးကောင်းတွေအများအပြားဖန်တီးနိုင်ခဲ့ပေမယ့် မွန်တာရေးဘက်ကို တစ်ဂိုးသာသွင်းယူနိုင်ခဲ့ပြီး သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။တစ်ဖက်က မွန်တာရေးကတော့ အခွင့်အရေးတွေအများအပြားဖန်တီးနိုင်ခဲ့ခြင်းမရှိပေမယ့် တန်ပြန်တိုက်စစ်၊ အလွတ်တည်ကန်ဘောတွေနဲ့ ခြိမ်းခြောက်မှုတွေပြန်လည်ပြုလုပ်နိုင်ခဲ့ပါတယ်။ 

မွန်တာရေးအတွက်ဦးဆောင်ဂိုးကိုတော့ ရီးရဲလ်မက်ဒရစ်နောက်ခံကြယ်ပွင့်ဟောင်း ဆာဂျီယိုရာမို့စ်က ပွဲကစားချိန် ၂၅ မိနစ်မှာသွင်းယူပေးခဲ့ပြီး အင်တာမီလန်အတွက် မာတီနက်ဇ်က ပထမပိုင်းမှာပဲ ပြန်လည်ချေပခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ၂ သင်းစလုံး အခွင့်အရေးတွေရခဲ့ပေမယ့် သွင်းဂိုးတွေထပ်မံမရခဲ့လို့ ပထမပိုင်းကရလဒ်အတိုင်းသာ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ 

အင်တာမီလန်အနေနဲ့ အင်ဇာဂီထွက်သွားပြီးနောက်ပိုင်း ခရစ်ရှင်ချီဗူရဲ့ဦးဆောင်မှုနဲ့ ကလပ်ကမ္ဘာ့ဖလားကို လာရောက်ယှဉ်ပြိုင်နေတာဖြစ်ပြီး ပွဲဦးထွက်မှာတော့ ရမှတ် ၁ မှတ်သာစတင်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ မာတီနက်ဇ်က "ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကွင်းကတော့ အတော်လေးခြောက်သွေ့နေခဲ့တယ်။ ဒါကြောင့် ဘောလုံးပေးပို့မှုတွေပြုလုပ်တဲ့အခါ အခက်အခဲရှိပါတယ်"

"ကျွန်တော် ကိုပါအမေရိကကိုလည်း ဒီမှာပဲကစားခဲ့တာပါ။ အဲဒီတုန်းကလည်း ဒီအတိုင်းပါပဲ။ ဒါပေမယ့် ကွင်းတွေကိုကျွန်တော်တို့ကရွေးချယ်တာမဟုတ်တော့ ဒါကိုလက်ခံရမှာပါပဲ။ အခုမှ ပထမဆုံးပွဲပဲရှိပါသေးတယ်။ ကျွန်တော်ဒီရလဒ်ကို တည်တည်ငြိမ်ငြိမ်ပဲလက်ခံထားပါတယ်"

"ကျွန်တော်တို့ အလွတ်တည်ကန်ဘောကနေ ဂိုးတစ်ဂိုးခွင့်ပြုခဲ့ရပါတယ်။ ဒါကြောင့် အဲဒီအပိုင်းက ကျွန်တော်တို့တိုးတက်ဖို့လိုအပ်တဲ့အရာပါ။ ခံစစ်ပိုင်းကအဓိကပြင်ဆင်ခဲ့ပေမယ့် အခုလိုဂိုးခွင့်ပြုခဲ့ရတာ လက်မခံချင်စရာတော့ဖြစ်ပါတယ်။ ဒီပွဲကိုထားခဲ့ပြီး နောက်ပွဲတွေမှာတိုးတက်မှုကို ပြသသွားပါမယ်။ ပြိုင်ပွဲကအခုမှ အစပဲရှိပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။