The network connection is lost.

Banner Image

ပီအက်စ်ဂျီရဲ့ချန်ပီယံလိဂ်စိန်ခေါ်မှုက လီဗာပူးအတွက် ခက်ခဲကြမ်းတမ်းလိမ့်မယ်လို့ ပြောခဲ့တဲ့ အန်းစလော့

ဒီည၊ ပြင်သစ်မြေမှာ ပြိုင်ဆိုင်မှုပြင်းထန်မယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်မတိုင်ခင် ပီအက်စ်ဂျီကို ဥရောပရဲ့အတောင့်တင်းဆုံးကလပ်အသင်းတွေအနက် တစ်ခုအဖြစ် လီဗာပူးနည်းပြအန်းစလော့က သတ်မှတ်ထားခဲ့ပါတယ်။ အသွင်သစ်ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုတွင်းအမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ဦးဆောင်သူတွေက နိုဝင်ဘာလနောက်ပိုင်း ပြိုင်ပွဲစုံရှုံးပွဲမရှိဖြတ်သန်းရင်း ပုံစံကောင်းပြသနေတဲ့ ပြင်သစ်ချန်ပီယံတွေကို ရင်ဆိုင်ဖို့ ပါရီမြို့တော်ဆီ ရောက်ရှိလာပါလိမ့်မယ်။

အန်းစလော့ကတော့ လီဗာပူးအနေဖြင့် ပွဲကြီးပွဲကောင်းတွေဖြတ်သန်းရမှာဖြစ်ပြီး မိမိတို့လိုပဲ ပုံစံကောင်းရနေတဲ့အသင်းတစ်ခုနဲ့ ရင်ဆိုင်သွားရဖို့ မျှော်လင့်မိတယ်လို့ ပြောခဲ့ပါတယ်။
အင်္ဂါနေ့၊ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်းစလော့က “ ပီအက်စ်ဂျီ(သို့မဟုတ်)ဘင်ဖီကာနဲ့ပဲ ကျွန်တော်တို့ ရင်ဆိုင်သွားရမှာပါ။ ဘောလုံးပွဲကြည့်ရှုသူတိုင်းကတော့ ကျွန်တော်တို့တွေ ဘင်ဖီကာနဲ့ပဲတွေ့ချင်လိမ့်မယ်လို့ သိထားကြပါတယ်။

လီဗာပူးအသင်းအတွက် ကိုယ်စားပြုမယ်ဆိုရင် ပွဲကြီးပွဲကောင်းတွေကို ကစားပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့တွေ ဒီမဲခွဲမှုရလဒ်ကို လက်ခံသွားရပါမယ်။ နှစ်သင်းလုံးအတွက်လည်း ခက်ခဲတဲ့ပွဲစဉ်တစ်ခု ရှိနေပါတယ်။ ပီအက်စ်ဂျီက ဥရောပရဲ့အတောင့်တင်းဆုံးကလပ်အသင်းတွေအနက် တစ်ခုဖြစ်တယ်ဆိုတာ လူတိုင်း လက်ခံထားလိမ့်မယ်လို့ ထင်ပါတယ်။ စနစ်ဟောင်းပြိုင်ပွဲတွေမှာလည်း အခုလိုတွဲဆိုင်းမျိုးက ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါမျိုးက မျှော်လင့်ချင်စရာကောင်းလှတဲ့ ပွဲကြီးပွဲကောင်းတစ်ခုဖြစ်ပါတယ်။ နှစ်သင်းလုံးက တိုက်စစ်ကို လျှင်လျှင်မြန်မြန်ကစားပြီး ဂိုးတွေ အများကြီးသွင်းယူခဲ့ပါတယ်။ ဒီနှစ်သင်းအကြား တူညီမှုတွေ အများကြီးရှိပါတယ်”လို့ ပြောပါတယ်။

လာမယ့်စနေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်နဲ့ရင်ဆိုင်ရမယ့် အန်းစလော့က အစောပိုင်းမှာ လီဗာပူးအသင်းကို ဥရောပရဲ့အကောင်းဆုံးအသင်းတွေအနက် တစ်ခုဖြစ်တယ်ဆိုပြီး ပြိုင်ဘက်နည်းပြလူးဝစ်အင်းနရစ်ရဲ့ချီးကျူးမှုအပေါ် တုန်လှုပ်ခြောက်ခြားနေခြင်း မရှိခဲ့ပါဘူး။ အန်းစလော့က “ကျွန်တော့်ရဲ့အတွေးတွေက အဲ့ဒီလိုအရာတွေအပေါ်မှာ မရှိနေပါဘူး။ ကျွန်တော့်ရဲ့အတွေးတွေက ပီအက်စ်ဂျီနဲ့ပွဲစဉ်၊ ပြီးရင် ဆောက်သမ်တန်နဲ့ပွဲစဉ်၊ ပြီးရင် ဒုတိယအကျော့ပွဲစဉ်အတွက်ပဲ ရှိပါတယ်။

အခုလိုချီးကျူးခံရတာ ကောင်းပါတယ်။ ဒါပေမယ့် ဥရောပရဲ့အကောင်းဆုံးအသင်းဆိုတာ ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ရပါမယ်။ ကျွန်တော်တို့က အဲ့ဒီအဆင့်နဲ့အဝေးကြီးမှာပဲ ရှိနေပါသေးတယ်။ မနက်ဖြန်မှာလည်း အရမ်းခက်ခဲတဲ့ပွဲစဉ်တစ်ခုကို ရင်ဆိုင်သွားရပါမယ်။ ဒီအဆင့်ကို ကျော်ဖြတ်ပြီးရင်တောင် အခြားပြိုင်ဘက်တွေကို ရင်ဆိုင်သွားရပါဦးမယ်”လို့ ပြောပါတယ်။

အလားတူ အသက်-၄၆ နှစ်အရွယ်နည်းပြက စပိန်သားနည်းပြလူးဝစ်အင်းနရစ်နဲ့ ပီအက်စ်ဂျီအတွက် အခုရာသီ၊ ပြိုင်ပွဲစုံ ၃၃ ပွဲကစား၊ ၂၆ ဂိုးသွင်းယူထားတဲ့ ထိပ်တန်းဂိုးသွင်းရှင်ဒမ်ဘီလီတို့ကို အပြည့်အဝချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အန်းစလော့က “ဒီကလပ်အသင်းမှာ လူးဝစ်အင်းနရစ်က အရမ်းကောင်းတဲ့အရာတွေ အများကြီးလုပ်ပြခဲ့ပါတယ်။ တစ်ဦးချင်းရော၊ စုဖွဲ့မှုပိုင်းမှာပါ အသင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး ဒီအတွက် သူပျော်ရွှင်နေလိမ့်မယ်လို့ ယူဆမိပါတယ်။

ဒမ်ဘီလီက အသင်းဆီ အရည်အသွေးကောင်းတွေ သယ်ဆောင်လာခဲ့ပါတယ်။ နှစ်သင်းလုံးမှာ ပုံစံကောင်းရနေတဲ့ တိုက်စစ်မှူးတွေရှိပြီး ဂိုးတွေအများကြီးသွင်းယူထားပါတယ်။ ပီအက်စ်ဂျီက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။ ကျွန်တော့်အမြင်အရ အခုပီအက်စ်ဂျီအသင်းက ပြီးခဲ့တဲ့ရာသီထက်တောင် ပိုကောင်းနေပါတယ်”လို့ ဆိုပါတယ်။