ကစားသမားတွေ ပွဲပန်းနေတာကြောင့် စပိန်ကို ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့ ကာကွယ်ပြောဆိုလာတဲ့ အီတလီနည်းပြ
အီတလီလက်ရွေးစင်နည်းပြ လူစီယာနို စပယ်လက်တီက ယနေ့နံနက် ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုအုပ်စုအဆင့်ပွဲစဉ်မှာ စပိန်ကို ၁-၀ နဲ့ရှုံး နိမ့်ခဲ့ပြီးနောက် အသင်းရဲ့ ကစားသမားတွေဟာ ပွဲပန်းနေတာကြောင့် စွမ်းဆောင်ရည်ကျဆင်းခဲ့တယ်လို့ ကာကွယ်ပြောဆိုလာခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် စပိန်အသင်းဟာ ရှုံးထွက် ၁၆ သင်း အဆင့်ကို စောစောစီးစီးတက်ရောက်သွားခဲ့ပြီဖြစ်သော်လည်း အီတလီကတော့ နောက်ဆုံးပွဲစဉ်မှာ ရလဒ်ကောင်းကို မဖြစ်မနေပုံဖော်သွားရတော့မှာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ စပယ်လက်တီက “စပိန်အသင်းအတွက် ထိုက်တန်တဲ့ရလဒ်တစ်ခုပါ။ ဒီပွဲမှာသူတို့ ကျွန်တော်တို့ကို အနိုင်ရသင့်ပါတယ်။ ကျွန်တော်တို့ စွမ်းဆောင်ရည်ကျဆင်းခဲ့ပါတယ်” “နောက်ဆုံးမိနစ် ၂၀ မတိုင်ခင်အထိ ကျွန်တော်တို့ရဲ့ကစားပုံဟာ ဒီလိုအဆင့်နဲ့မထိုက်တန်ဖူးဆိုတာ မြင်တွေ့ခဲ့ရပါတယ်။ သူတို့က ကျွန်တော်တို့ကို ထင်ထားတာထက်ပိုပြီးဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ညမှာ စပိန်က အသင်းတစ်သင်းအဖြစ်ဖွဲ့စည်းနိုင်ခဲ့ပြီး ကျွန်တော်တို့ကတော့ အသင်း တစ်သင်းအဖြစ်မဖွဲ့စည်းနိုင်ခဲ့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး စပယ်လက်တီက အီတလီဟာ စပိန်ကို အင်အားအပြည့်နဲ့ ရင်ဆိုင်ခဲ့ရတာမဟုတ်ဘဲ ကစားသမားတွေရဲ့ ပွဲပန်းမှုကြောင့် စွမ်းဆောင်ရည်ကျဆင်းခဲ့ကြောင်းနဲ့ လာမယ့်ခရိုအေးရှားနဲ့ ပွဲမတိုင်ခင်မှာတော့ ကြံ့ခိုင်မှုတည်ဆောက်သွားမယ့်အကြောင်း ပြောကြားခဲ့ပါသေးတယ်။
စပယ်လက်တီက “ကစားသမားတွေက အလုံအလောက်အနားယူဖို့လိုအပ်နေပုံပါပဲ။ သူတို့ကို ခွင့်များများပေးရပါမယ်။ ပုံမှန်ဆိုကျွန်တော်တို့က သူတို့နားဖို့ ၁ ရက်ခွဲအချိန်ပေးထားပါတယ်။ ဒါကလည်း အသင်းရဲ့အချက်အလက်တွေအရ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ အသင်းတိုင်းက စပိန်ရဲ့ကစားပုံကိုနှစ်သက်ကြပြီး အတုယူဖို့ကြိုးစားနေကြတာပါ။ စပိန်ကလည်း အကောင်းဆုံးဘောလုံးကစားဟန်ကို ကာလအရှည်ကြာဆုံးကစားထားနိုင်ပါတယ်။ ကစားသမားတွေအနေနဲ့ စပိန်လိုအသင်းမျိုးနဲ့ရင်ဆိုင်ရာမှာ ဘယ်အထိ ကြိုးစားအားထုတ်သွားရမယ်ဆိုတာသိကြဖို့ မျှော်လင့်ပါတယ်။ ဒီလိုအသင်းမျိုးက ရင်ဆိုင်ရအခက်ခဲဆုံးပါ”လို့ ပြောကြားခဲ့ပါတယ်။