The network connection is lost.

Banner Image

လူးဝစ်အင်းနရစ်နဲ့ ပီအက်စ်ဂျီအသင်းကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ အင်နီယေစတာ

ဘာစီလိုနာနဲ့ စပိန်ဂန္တဝင်ကစားသမားဟောင်း အင်နီယေစတာက အင်တာမီလန်နဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ အရောက်တက်လှမ်းသွားနိုင်တဲ့ လက်ရှိပီအက်စ်ဂျီအသင်းနည်းပြလူးဝစ်အင်းနရစ်ကို ဂုဏ်ပြုချီးကျူးခဲ့ပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပမယ့် မြူးနစ်မြို့ဆီရောက်ရှိနေတဲ့ အင်နီယေစတာက “ လူးဝစ်အင်းနရစ်ဆိုတာ မယုံကြည်နိုင်စရာ အရည်အသွေးတွေ အပြည့်အဝရှိနေတဲ့ နည်းပြတစ်ဦးပါ။ သူ့ရဲ့အလုပ်လုပ်ပုံ၊ ပြောဆိုပြုမူပုံနဲ့ အသင်းအပေါ်စီမံခန့်ခွဲပုံတွေအားလုံးကို ကျွန်တော် ကြိုက်ပါတယ်။ သူက အံ့အားသင့်စရာကောင်းတဲ့ လူပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ သူ့အတွက် အကောင်းဆုံးဖြစ်လာစေဖို့ ဆုတောင်းပေးပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ဘာစီလိုနာကွင်းလယ်လူဟောင်းက ဥရောပပြိုင်ပွဲတစ်ရပ်မှာ ဗိုလ်လုပွဲအဆင့်ဆီ တက်လှမ်းနိုင်ဖို့ ဘယ်လောက်အထိခက်ခဲသလဲဆိုတာကို မီးမောင်းထိုးရှင်းပြခဲ့ပါတယ်။ အင်နီယေစတာက “ ဆုဖလားတွေရရှိဖို့ဆိုတာ မလွယ်ကူပါဘူး။ အခုလိုအခိုက်အတန့်မျိုးဆီ ရောက်ရှိဖို့တောင် တကယ်ကို ခက်ခဲလွန်းပါတယ်။ ဒါပေမယ့် တဖန်ပြန်လည်ရရှိနိုင်မယ့် အတွေ့အကြုံကလည်း အလွန်လှပလွန်းပါတယ်။ အခုတော့ လူးဝစ်အင်းနရစ်ကိုယ်တိုင် ဒါကိုလုပ်ပြနိုင်ဖို့ အခွင့်အလမ်းရှိနေပါပြီ။ ပီအက်စ်ဂျီအသင်းမှာ ကျွန်တော့်ရဲ့သူငယ်ချင်းတွေ ရှိပါတယ်။ ဒါကြောင့် ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားကြမယ်။ ပွဲကြီးပွဲကောင်းတစ်ခုဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

အလားတူ အင်နီယေစတာက ပြိုင်ဘက်အပေါ် လေးစားမှု ကိုလည်း ပြသခဲ့ပါတယ်။ သူက “ အင်တာမီလန်ဆိုတာလည်း အံ့မခန်းအသင်းကောင်းတစ်ခု ဖြစ်ပါတယ်။ အံ့ဖွယ်ကစားသမားတွေ အမြဲတမ်းရှိခဲ့ဖူးတဲ့ သမိုင်းဝင်ကလပ်အသင်းဖြစ်သလို လက်ရှိမှာလည်း အဲ့ဒီအတိုင်း လုပ်ပြနိုင်နေဆဲပဲ ဖြစ်ပါတယ်။ အင်တာမီလန်က ကွဲပြားခြားနားမှုတွေ ထွက်ပေါ်လာအောင် လုပ်နိုင်စွမ်း ရှိပါတယ်။ ဖိုင်နယ်အထိ ရောက်ရှိလာတယ်ဆိုတာ ပေါ့သေးသေးအရည်အချင်းတော့ မဟုတ်ပါဘူး။ အင်တာမီလန်မှာလည်း ဆုဖလားရရှိဖို့အတွက် အခွင့်အလမ်းရှိပါတယ်။

ပွဲကြီးပွဲကောင်းတစ်ခုအတွက် ကျွန်တော်တို့တွေ ဒီနေရာမှာ ရောက်ရှိနေတာပါ။ ပီအက်စ်ဂျီမှာ ကျွန်တော့်ရဲ့သူငယ်ချင်းတွေရှိပြီး သူတို့သာအနိုင်ရရှိမယ်ဆိုရင် ကျွန်တော် ပျော်ရွှင်မိပါလိမ့်မယ်။ ဒါပေမယ့် အားလုံးထက်ပိုပြီး ဘောလုံးလောကရဲ့စိတ်လှုပ်ရှားဖွယ်နေ့ရက်တစ်ခုဖြစ်လာဖို့ပဲ မျှော်လင့်မိပါတယ်။ ပရိသတ်တွေလည်း ဒီအရသာကို ခံစားမိပါလိမ့်မယ်”လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ပရော်ဖက်ရှင်နယ်ကစားသမားဘဝအနားယူခဲ့ပြီး အသက်-၄၁ နှစ် ပြည့်မြောက်လာပြီဖြစ်တဲ့ အင်နီယေစတာက ဂန္တဝင်မြောက်ဘောလုံးသမားဘဝတစ်ခုကို ချန်ထားနိုင်ခဲ့ပါတယ်။ သူက စပိန်တို့ရဲ့ရွှေခေတ်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားလေးကြိမ်၊ ကလပ်ကမ္ဘာ့ဖလားသုံးကြိမ် အနိုင်ရရှိခဲ့ပါတယ်။ 

ဒါ့အပြင် အင်နီယေစတာက စပိန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၀၈၊ ယူရို-၂၀၁၂ တို့မှာ ဗိုလ်စွဲခဲ့သလို ၂၀၁၀ ပြည့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း စပိန်နိုင်ငံအတွက် ပထမဆုံးအကြိမ်ကမ္ဘာ့ချန်ပီယံဖြစ်စေမယ့် အထင်ကရဂိုးကို သွင်းယူပေးခဲ့ပါတယ်။