ရီးရဲလ်မက်ဒရစ်အတွက် ဆက်တိုက်ကစားပေးနေပေမယ့် ပုခုံးဒဏ်ရာအရှင်းမပျောက်သေးဘူးလို့ ဆိုလိုက်တဲ့ ဘယ်လင်ဟမ်
ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဘယ်လင်ဟမ်က လွန်ခဲ့တဲ့တစ်နှစ်ကျော်ကာလတွေတုန်းကခံစားခဲ့ရတဲ့ ပုခုံးဒဏ်ရာမှ ပြန်လည်သက်သာလာအောင် လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ဒေါ့မွန်မှ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လာပြီးနောက် ဘယ်လင်ဟမ်က အန်ဆယ်လော့တီရဲ့အသင်းအတွက် အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။
သူက မက်ဒရစ်မြေမှာ အထင်ကြီးလောက်စရာပွဲဦးထွက်ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး အသင်းနဲ့အတူ လာလီဂါချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဆုဖလားကြီးတို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုဘောလုံးရာသီမှာလည်း သူက ရီးရဲလ်မက်ဒရစ်အသင်းအတွက် ဆက်လက်ခြေစွမ်းပြသနေပါတယ်။
စပိန်ချန်ပီယံတွေအတွက် ဘယ်လင်ဟမ်ရဲ့ပေးဆပ်မှုတွေ ဆက်လက်ရှိနေပေမယ့်လည်း အင်္ဂလန်လက်ရွေးစင်ကစားသမားက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရရှိခဲ့တဲ့ ပုခုံးဒဏ်ရာမှ ပြန်လည်သက်သာလာအောင် လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အခုဘောလုံးရာသီမှာ အသက်-၂၀ နှစ်အရွယ်ကြယ်ပွင့်က ပြိုင်ပွဲစုံပွဲ ၂၀ ကစား၊ ခုနစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှု ခြောက်ကြိမ် ပြုလုပ်ခဲ့ပါတယ်။
အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲအတွင်း အင်္ဂလန်ကွင်းလယ်လူက သူ့ရဲ့ပုခုံးနဲ့ပတ်သက်လို့ “ကောင်းပါတယ်၊ အဆင်ပြေပါတယ်။ လည်သိုင်းပတ်တီးသုံးနေရလို့ နည်းနည်းတော့ သက်သောင့်သက်သာမရှိပါဘူး။ ဒါပေမယ့် အလုံးစုံခြုံပြောရမယ်ဆိုရင် ခံစားချက်တွေ တော်တော်လေးကောင်းမွန်နေပါတယ်”လို့ ပြောပါတယ်။
ကလပ်အသင်းရဲ့အခုရာသီကြုံတွေ့နေရတဲ့ ဒဏ်ရာပြဿနာအခက်အခဲနဲ့ပတ်သက်လို့ ဘယ်လင်ဟမ်က “ပွဲအရေအတွက်များလွန်းနေလို့ ဖြစ်ပါတယ်။ အသင်းဝန်ထမ်းတွေကတော့ ကျွန်တော်တို့အတွက် လိုအပ်နေတာတွေကို သိရဖို့ ဖြေရှင်းချက်တွေ ရှာဖွေနေပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးနေပါတယ်။ ဒါပေမယ့် ပွဲကစားချိန်မိနစ်တွေများပြားလာမှုက ပင်ပန်းနွမ်းလျမှုတွေနဲ့အတူ ဆုံးရှုံးမှုတွေ ဖြစ်လာစေပါတယ်။
အထူးသဖြင့် ပြိုင်ဘက်ကောင်းတွေနဲ့ရင်ဆိုင်ရချိန်မှာ လျှင်မြန်မှုတွေလိုအပ်လာပြီး ပွဲကစားချိန်များပြားလာမှုက စွမ်းဆောင်ရည်ပိုင်းအပေါ် သက်ရောက်စေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတိုင်းပဲ ရှိနေပါတယ်။ ကျွန်တော်တို့တွေ ပွဲတွေ အများကြီးကစားရဖို့ရှိပြီး အကောင်းဆုံးပုံစံဖြစ်နေဖို့ ကြိုးစားသွားရပါမယ်။ နွေရာသီမှာတော့ ကျွန်တော်တို့အတွက် အနားယူချိန်အများကြီးရနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်တို့တွေ သုံးရက်တစ်ပွဲနှုန်းကစားနေရပါတယ်”လို့ ပြောပါတယ်။
စပိန်ဘောလုံးလောကနဲ့ ဥရောပဘောလုံးလောက လက်ရှိချန်ပီယံတွေက ဒီညမှာ၊ ဖီဖာတိုက်ကြီးများဖလားဗိုလ်လုပွဲအဖြစ် မက္ကဆီကိုကလပ် ပါချူကာနဲ့ ရင်ဆိုင်ကစားရပါမယ်။