The network connection is lost.

Banner Image

ယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်ခြင်းက အောင်မြင်မှုမဟုတ်ကြောင်း အာမိုရင်ပြောကြား

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ အတော်လေးအခြေအနေဆိုးဝါးခဲ့တာကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တော့တင်ဟမ်ကိုအနိုင်ရပြီး ဆုဖလားကိုဆွတ်ခူးနိုင်ခဲ့ပါကလည်း ဆိုးဝါးတဲ့ရာသီကို ဖုံးကွယ်နိုင်မှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်ဟာ ၁၈ ပွဲအထိ ရှုံးနိမ့်ထားခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာရပ်တည်နေတာကြောင့် သမိုင်းတစ်လျှောက် ၁၉၇၄ ခုနှစ်နောက်ပိုင်း အညံ့ဖျင်းဆုံး ရပ်တည်မှုနဲ့ ကြုံတွေ့သွားရဖို့ရှိပါတယ်။ ဒါကြောင့် အာမိုရင်က ယူနိုက်တက်ရဲ့ ကျရှုံးမှုတွေအတွက် ယူရိုပါလိဂ်ဆုဖလားက အကာအကွယ်ပေးနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

ပေါ်တူဂီသားနည်းပြက "ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အငွေ့အသက်တွေက လုံးဝမတူပါဘူး။ ဘီလ်ဘာအို၊ လိုင်ယွန်တို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာလည်း မတူညီမှုတွေရှိပါတယ်။ ကလပ်အတွက် ဒီဆုဖလားက အရေးကြီးဆုံးမဟုတ်ဘူးဆိုတာ ကျွန်တော်တကယ်ပြောတာပါ။ ယူနိုက်တက်လိုအသင်း ယူရိုပါလိဂ်ဖလားရတယ်ဆိုတာ အောင်မြင်မှုမဟုတ်ပါဘူး။ ဒီအသင်းက ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို စိန်ခေါ်နေရမယ့်အသင်းဖြစ်လို့ပါ။ 

လောလောဆယ်မှာတော့ ကျွန်တော်တို့က အဲဒီဆုဖလားတွေရဲ့ အဝေးတစ်နေရာကိုရောက်နေပါတယ်။ ဒါက ကျွန်တော့်ရဲ့ထင်မြင်ချက်သက်သက်ပါ။ ယူရိုပါလိဂ်က ဥရောပဖလားဖြစ်ပေမယ့် အသင်းအတွက်တော့ မလုံလောက်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

အာမိုရင်အပြင် ယူနိုက်တက်ဗဟိုခံစစ်မှူး ဟယ်ရီမက်ဂွါရီကလည်း ယူရိုပါလိဂ်ဆုဖလားက အသင်းရဲ့ညံ့ဖျင်းတဲ့ရာသီကို မဖုံးကွယ်နိုင်ကြောင်း "ဒီဆုဖလားက ဒီတစ်ရာသီလုံး ကျွန်တော်တို့ကြုံတွေ့ခဲ့တဲ့ ရလဒ်ဆိုးတွေကို ဖုံးကွယ်နိုင်မှာမဟုတ်ပါဘူး။ ခက်ခဲကြမ်းတမ်းလွန်းတဲ့ ရာသီတစ်ခုပါ။ စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် အမှတ်တရတွေတော့ရှိခဲ့ပါတယ်။ နောက်ထပ်အမှတ်တရတွေအတွက် ကျွန်တော်တို့မှာ ဆုဖလားဆွတ်ခူးဖို့ အခွင့်အရေးကောင်းရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အာမိုရင်အနေနဲ့ ယူရိုပါလိဂ်ဆုဖလားက အရေးကြီးဆုံးမဟုတ်ကြောင်း ပြောကြားခဲ့ပေမယ့် အဆိုပါဆုဖလားကို ရရှိပါက ယူနိုက်တက်ဟာ နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားမယ့်အပြင် အသင်းကို ပြန်လည်တည်ဆောက်ဖို့အတွက်လည်း ဘဏ္ဍာငွေအများအပြား သုံးစွဲခွင့်ရရှိသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ခက်ခဲတဲ့ရာသီတွေမှာ နှစ်စဉ်ဆုဖလား တစ်လုံးကိုတော့ အရယူနိုင်သေးကြောင်းကိုလည်း သက်သေပြသွားနိုင်မှာဖြစ်ပါတယ်။ 

အာမိုရင်ရဲ့အမြင်မှာ ယူရိုပါလိဂ်ဟာ ယူနိုက်တက်ရဲ့ ပန်းတိုင်မဟုတ်ဘဲ ပန်းတိုင်ကိုသွားမယ့် ခြေလှမ်းတစ်လှမ်းအနေနဲ့သာ ရှုမြင်ထားတာဖြစ်ပါတယ်။လာမယ့်ကြာသပေတေးနေ့နံနက် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာတော့ ယူနိုက်တက်ကပဲ အနိုင်ရသွားမလား တော့တင်ဟမ်ကပဲ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဆုဖလားပြန်လည်ဆွတ်ခူးသွားနိုင်မလား စောင့်ကြည့်ရပါမယ်။