ယူရိုဖိုင်နယ်ပွဲမတိုင်ခင် ဆောက်ဂိတ်အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမယ့် အင်္ဂလန်
အင်္ဂလန်အသင်းတာဝန်ရှိသူတွေကတော့ ယူရိုဖိုင်နယ်မှာ ဘယ်လိုရလဒ်ထွက်ပေါ်သည်ဖြစ်စေ ဆောက်ဂိတ်ကို နည်းပြအဖြစ် ဆက်ထားဖို့ အလိုရှိနေကြပါတယ်။ စွမ်းဆောင်ရည်တွေဆက်တိုက်ကျဆင်းခဲ့ပေမယ့် အင်္ဂလန်ဟာ ယူရိုဖိုင်နယ်ကို နောက်တစ်ကြိမ်တက်ရောက်လာနိုင်ခဲ့တာဖြစ်ပြီး စပိန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲတုန်းကလည်း ဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပေမယ့် ဝင်ဘာလေကွင်းမှာ အီတလီကို ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ စပိန်ကတော့ ဘာလင်မှာ စွမ်းဆောင်ရည်ကောင်းတွေဆက်တိုက်ပြသနေပြီး အခုယူရိုဖလားကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။
အစောပိုင်းအုပ်စုပွဲစဉ်တွေမှာ အင်္ဂလန်အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းဟာ ဝေဖန်ခံနေရပေမယ့် အင်္ဂလန်အသင်းတာဝန်ရှိသူတွေကတော့ ဆောက်ဂိတ်က လက်ရှိအင်္ဂလန်အသင်းရဲ့လူမှန်လို့ ယူဆနေပါတယ်။ အသက် ၅၃ နှစ်သားရဲ့ စာချုပ်သက်တမ်းက အခုပြက္ခဒိန်နှစ်အကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးဖွယ်ရှိနေပါတယ်။
ဆောက်ဂိတ်ကလည်း လက်ရှိလူအင်အားကို လာမယ့်ကမ္ဘာ့ဖလားမတိုင်ခင်အထိ ဆက်ထိန်းထားချင်နေပါတယ်။
အနာဂတ်ကိုမဖြေရှင်းခင် ဆောက်ဂိတ်က စပိန်အသင်းနဲ့ယူရိုဖိုင်နယ်ပွဲကို အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။ “သူတို့ (စပိန်အသင်း)က အကောင်းဆုံးအသင်းဖြစ်နေပါတယ်။ သူတို့က နောက်ဆုံးဖိုင်နယ် ၃ ကြိမ်မှာ ၁ ရက်ပိုပြီးပြင်ဆင်ခွင့်ရနေပါတယ်။ အဲ့ထက်လည်းပိုနိုင်ပါတယ်။ အဲ့တာက သူတို့အတွက် အနားယူဖို့ လုံလောက်တဲ့အချိန်ဖြစ်နိုင်ပါတယ်။ နည်းစနစ်ပိုင်းအရ ကျွန်တော်တို့မှာလည်း သူတို့အသင်းကို ယှဉ်နိုင်တာတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဒီနေရာကိုရောက်နေတဲ့အနေအထားကို သိနေပါတယ်။ ကျွန်တော်တို့စုစည်းမှု နဲ့ စိတ်ပိုင်းဆိုင်ရာမာကျောမှုတွေကို ပြသရမယ့်ပွဲတစ်ပွဲပါ။ အိုလီဆိုရင်လည်း သူ့အခိုက်အတန့်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ သူက ဒီပြိုင်ပွဲတစ်လျှောက်လုံးဒီလိုမျိုးအတွက် လေ့ကျင့်ခဲ့တာပါ။ အသင်းသားတွေအားလုံးအဆင်သင့်ဖြစ်နေပါပြီ။ အစုအဖွဲ့အနေနဲ့ အဲ့တာက ကျွန်တော်တို့အတွက် အင်အားဖြစ်စေပါတယ်။ လူစားဝင်ကစားသမားတွေကလည်း ဒီလိုမျိုးစွမ်းဆောင်ပြနိုင်အောင် ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ သတင်းခေါင်းစဉ်ရေးသားသူတွေကလည်း ဒီလိုမျိုးအခိုက်အတန့်အတွက် ရေးသားကြပါတယ်။ အဲ့တာက ကွဲပြားခြားနားစေသလို တကယ့်ကိုအားဖြစ်စေပါတယ်”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။