
စာချုပ်သစ်မချုပ်နိုင်သေးခင် အသင်းမှထွက်ခွာဖို့ ၉၀ ရာခိုင်နှုန်းသေချာခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ မိုဆာလက်
မိုဆာလက်က အန်းစလော့အသင်းနဲ့စာချုပ်သစ်မချုပ်ဆိုနိုင်သေးခင်အချိန်မှာ အသင်းမှထွက်ခွာသွားဖို့အတွက် ၉၀ ရာခိုင်နှုန်းသေချာခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ မိုဆာလက်က သူ့ရဲ့စာချုပ်သက်တမ်းနောက်ဆုံး ၁၀ လဆီ ဝင်ရောက်လာတဲ့ အခုဘောလုံးရာသီစတင်ချိန်မှာ ကလပ်အသင်းအတွက် သူ့ရဲ့နောက်ဆုံးဘောလုံးရာသီဖြစ်လာလိမ့်မယ်လို့ ပြောဆိုရင်း ဘောလုံးလောကကို လှုပ်နိုးခဲ့ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာလည်း အသက်-၃၂ နှစ်အရွယ်ကစားသမားက စာချုပ်သစ်အတွက် သဘောတူညီမှုရရှိဖို့ အလှမ်းဝေးနေဆဲပဲလို့ ထုတ်ပြောခဲ့ပြန်ပါတယ်။ ဒါပေမယ့် ဧပြီလမှာတော့ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်မှာ သူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မိုဆာလက်က အသက်-၃၀ နှစ်ကျော်ကစားသမားတွေအတွက် အသင်းပိုင်ရှင် Fenway Sports Group ရဲ့စီမံခန့်ခွဲပုံတွေကို သိရှိထားခဲ့လို့ ကြိုးကြာနီတွေနဲ့ ဆက်လက်တွဲနိုင်ဖို့အရေး ယုံကြည်မှုမရှိခဲ့ဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
Sky Sports နဲ့တွေ့ဆုံချိန် မိုဆာလက်က “ ကလပ်အသင်းသမိုင်းကြောင်းအရ ဆက်ရှိနေဖို့အတွက် ၁၀ ရာခိုင်နှုန်းပဲ ယုံကြည်ထားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေက ကလပ်အသင်းရဲ့အတွေးအခေါ်ကို သိရှိထားလို့ပဲ ဖြစ်ပါတယ်။ ဒါ သူတို့ကို ကျွန်တော် တိုက်ခိုက်တာ မဟုတ်ပါဘူး။ အတိတ်ကာလတွေမှာ အသက်-၃၀ နှစ်ကျော်ကစာသမားတွေကို သူတို့တွေ ဘယ်လိုစီမံခန့်ခွဲသလဲဆိုတာနဲ့ အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကျွန်တော် သိထားပါတယ်။ ဒါကြောင့် အသင်းဘက်က နှစ်နှစ်သက်တမ်းတိုးစာချုပ်သစ်တစ်ရပ် ပေးလာလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ပါဘူး။ ငွေကြေးပိုင်းဆွေးနွေးမှုမှာလည်း အမှတ်တစ်ခုအထိ ရောက်ရှိသွားပါတယ်။ ကျွန်တော်တို့အားလုံးလည်း ပျော်ရွှင်နေကြပါတယ်။ ဒါပေမယ့် အသင်းမှာဆက်နေခွင့်ရရှိဖို့ ကျွန်တော် မမျှော်လင့်ထားခဲ့ပါဘူး။
စေ့စပ်ညှိနှိုင်းမှုတွေ မြန်ဆန်လာဖို့ အချိန်ခြောက်လလောက် ယူခဲ့ရတယ်လို့ ထင်ပါတယ်။ ဇန်နဝါရီလောက်မှစပြီး အခြေအနေတွေ ပိုကောင်းလာပြီလို့ ယူဆမိခဲ့ပါတယ်။ သိပ်တောင် မကြာလိုက်ပါဘူး။ ကျွန်တော် စွမ်းနိုင်သေးလားဆိုတာ ကလပ်အသင်းက စမ်းသပ်နေခဲ့တာပဲလို့ ထင်ပါတယ်။ (ရယ်လျက်) နှစ်နှစ်လောက်ပါပဲ၊ ဒီထက်ပိုပြီးတော့လည်း ကျွန်တော် မလိုချင်ပါဘူး”လို့ ပြောပါတယ်။ စာချုပ်သစ်ပေးဖို့ မိုဆာလက်နဲ့ ဗန်ဒိုက်မှာ ဘယ်သူက ပိုအရေးကြီးမလဲဆိုတဲ့ မေးခွန်းကို အီဂျစ်ကြယ်ပွင့်က “ နှစ်ဦးလုံးပါပဲ။ Clean Sheet တွေ၊ သွင်းဂိုးတွေ လိုအပ်ပါတယ်။ Clean Sheet တွေ၊ သွင်းဂိုးတွေ မရှိဘဲနဲ့ ဘယ်ဆုဖလားမှ အနိုင်မရရှိပါဘူး”လို့ ရယ်ရယ်မောမောနဲ့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
အဆုံးမှာတော့ မိုဆာလက်ရော၊ ဗန်ဒိုက်ပါ ကလပ်အသင်းတစ်ခုလုံးကို စိတ်သက်သာစရာများစွာရစေမယ့် စာချုပ်သစ်တွေမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကစားသမားဘ၀ အကောင်းဆုံးအခိုက်အတန့်အချို့ကို ဖြတ်သန်းနေတဲ့ ဒီကစားသမားနှစ်ဦးက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ထားပေမယ့် လာမယ့်ဘောလုံးရာသီမှာ နောက်ထပ်ဆုဖလားတွေ သိမ်းပိုက်နိုင်ဖို့အတွက် ဆာလောင်မွတ်သိပ်နေပါလိမ့်မယ်။ အကယ်၍ မိုဆာလက်၊ ဗန်ဒိုက်နဲ့ ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတဲ့ အာနိုးလ်တို့အားလုံး အခုနွေရာသီမှာ အသင်းမှထွက်ခွာသွားမယ်ဆိုရင် ကြိုးကြာနီတွေကို အခုထက်ပိုပြီး အားနည်းသွားစေပါလိမ့်မယ်။
မိုဆာလက်ကတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ပြိုင်ပွဲစုံ ၃၃ ဂိုးအထိ သွင်းယူထားနိုင်တဲ့ အခုဘောလုံးရာသီ၊ သူ့ရဲ့စွမ်းဆောင်ရည်ကို ဆက်ရှိနေစေဖို့ မျှော်လင့်နေပါလိမ့်မယ်။