သမိုင်းတလျှောက် အချမ်းသာဆုံးဘောလုံးသမားစာရင်းဝင် ဖြစ်လာတဲ့ အော်စကာရဲ့ ရှန်ဟိုင်းနေ့ရက်များ
ပရီးမီးယားလိဂ်ချန်ပီယံဟောင်း အော်စကာအတွက် ကာလတစ်ခုတော့ အဆုံးသတ်သွားပါပြီ။ ချဲလ်ဆီးကြယ်ပွင့်ဟောင်းက အခုလနှောင်းပိုင်းမှာ သက်တမ်းကုန်ဆုံးမယ့် စာချုပ်တစ်ရပ်နဲ့အတူ တရုတ်စူပါလိဂ်ကို နှုတ်ဆက်ထွက်ခွာသွားပါလိမ့်မယ်။
ကလပ်အသင်းမဲ့ဖြစ်လာတဲ့ အသက်-၃၃ နှစ်အရွယ်ကစားသမားက အင်တာမီလန်ဆီ ပြောင်းရွှေ့သွားနိုင်သလို အင်တာနေစီယွန်နယ်ကလပ်အသင်းနဲ့အတူ အမိမြေမှာ ပြန်လည်ခြေချဖို့လည်း ဆုံးဖြတ်သွားဖွယ် ရှိပါတယ်။ အော်စကာက ၂၀၁၇ ခုနှစ်အတွင်း ရှန်ဟိုင်းပို့စ်ကလပ်အသင်းဆီ ပြောင်းရွှေ့ကြေးပေါင်သန်း ၆၀ ဖြင့် ရောက်ရှိလာခဲ့ပြီး အမှတ်ပေးချန်ပီယံဆု သုံးကြိမ်တိုင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အံ့အားသင့်လောက်စရာအဖြစ် သူက အရှေ့အာရှအရပ်မှာနေထိုင်စဉ်ကာလအတွင်း ပေါင် ၁၇၅ သန်းအထိ ဝင်ငွေရရှိခဲ့ပြီး သမိုင်းတလျှောက်အချမ်းသာဆုံးဘောလုံးသမားစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့ပွဲစဉ်ပြီးဆုံးချိန်မှာတော့ ကွင်းလယ်ဖန်တီးရှင်က သူ့ရဲ့ပရိသတ်တွေကို မျက်ရည်တွေနဲ့အတူ နှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။
သူက လမ်းဆွတ်စရာကောင်းလှတဲ့ ဘဝနေထိုင်မှုတစ်ခုကို ချန်လှပ်ပြီး ထွက်ခွာသွားရပါလိမ့်မယ်။ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း Brazil 247 သတင်းစာနဲ့တွေ့ဆုံချိန် အော်စကာက “ဒီဒေသရဲ့လူနေမှုဘဝက တခြားဘယ်နေရာမှာမှ မရှိနိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ သီးခြားကမ္ဘာတစ်ခုလိုပါပဲ။ ဒီမှာနေထိုင်သူတွေကသာ ဒီကမ္ဘာငယ်လေးအကြောင်းကို သိကြပါလိမ့်မယ်”လို့ ပြောပါတယ်။
ဒါကြောင့် အော်စကာကိုယ်တိုင်ရည်ညွှန်းခဲ့တဲ့ သူ့ရဲ့ထူးခြားလှတဲ့လူနေမှုဘဝဆီ တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်……..
လူနေရပ်ကွက်များ
--------------------
အော်စကာက တရုတ်ပြည်မှာ သက်သောင့်သက်သာ၊ လုံလုံခြုံခြုံနဲ့ ချမ်းသာလှတဲ့လူနေမှုဘဝတစ်ခုကို ရရှိခဲ့ပါတယ်။ အော်စကာနဲ့ သူ့ရဲ့ဘရာဇီး/ဂျပန်သွေးနှောဇနီးသည် လူဒီတို့ မိသားစုက တရုတ်ပြည်ရဲ့ အကြီးမားဆုံးမြို့တော်ကြီးမှာ နေထိုင်ရမှုကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် အခုလိုထွက်တော်မူမယ့် အော်စကာရဲ့ဆုံးဖြတ်ချက်ဟာ မိသားစုနဲ့ပဲ သက်ဆိုင်နေပါတယ်။
အော်စကာက “ကျွန်တော် ရှန်ဟိုင်းမြို့ကြီးကို ချစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ ဒီအရပ်က ကိုယ့်ရဲ့ဇာတိမြေနဲ့ အလှမ်းဝေးလွန်းပါတယ်။ ကျွန်တော်တို့တွေ ဒီအရပ်မှာ ထာဝရနေထိုင်လို့ မသင့်တော်ပါဘူး။
ကျွန်တော့်ရဲ့မိခင်လည်း အသက်အရွယ်ကြီးရင့်နေပါပြီ။ ကျွန်တော့်ရဲ့ညီမတွေမှာလည်း ရင်သွေးကိုယ်စီ ရှိကြပါတယ်။ ကျွန်တော်တို့ အိမ်ပြန်ချင်ပါပြီ။ကျွန်တော် ဘယ်အရပ်ဆီပဲ ရောက်ရှိသွားပါစေ၊ ဒီမှာရရှိခဲ့တဲ့နေထိုင်မှုပုံစံမျိုး ပြန်ဖြစ်လာစရာ မရှိတော့ပါဘူး။ ဒါကိုပြောင်းလဲနိုင်မယ့်နည်းလမ်းလည်း မရှိပါဘူး”လို့ ပြောပါတယ်။
သူတို့မိသားစုက Huang Pu မြစ်ရဲ့သာယာလှပမှုကို ခံစားနိုင်သော ခမ်းနားကြီးကျယ်လှတဲ့ နေအိမ်တိုက်ခန်းမှာ နေထိုင်ကြပါတယ်။ ဒါ့အပြင် အော်စကာက Instagram လူမှုကွန်ရက်မှတဆင့် Follower ခြောက်သန်းကျော်ဆီ သူ့ရဲ့နေအိမ်ကို လေ့လာခွင့် ပေးခဲ့ဖူးပါတယ်။
အော်စကာရဲ့နေအိမ်က ညခင်းဘက်တွေမှာဆိုရင် မီးရောင်တွေနဲ့ရှင်သန်လှပနေတဲ့ ရှန်ဟိုင်းမြို့ကြီးရဲ့ ကောင်းကင်ပြင်ကြီးကို မယုံကြည်နိုင်စရာကောင်းလောက်အောင် ကြွားကြွားဝင့်ဝင့်မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် နေအိမ်အတွင်းမှာလည်း မြင့်မားလှတဲ့မျက်နှာကျက်တွေ၊ သဘာဝဆန်တဲ့ အတွင်းပိုင်းအလှပြင်ဆင်မှုတွေ၊ စကျင်ကျောက်ကြမ်းခင်းတွေနဲ့အတူ အခြားလှပတဲ့အရာတွေကို ထည့်သွင်းတည်ဆောက်ထားပါတယ်။
အလားတူ အော်စကာကိုယ်တိုင် သီးသန့်အသုံးပြုခဲ့တဲ့ gym တစ်ခုလည်း ဒီနေအိမ်အတွင်းမှာ ရှိနေပြန်ပါတယ်။ အော်စကာရဲ့ရှန်ဟိုင်းလူနေမှုဘဝမှာ သူ့ရဲ့ရင်သွေးတွေကလည်း အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါရှိပြီး မကြာခဏဆိုသလို ဘရာဇီးသားက ရင်သွေးတွေကို ကျောင်းကြိုကျောင်းပို့လုပ်ပေးခဲ့ပါတယ်။
အော်စကာက “ ကျွန်တော့်ရဲ့ကလေးတွေ ကျောင်းသွားတက်ပြီး ဘတ်စ်ကားနဲ့အိမ်ပြန်လာမယ်ဆိုရင်လည်း လုံခြုံရေးအတွက် ဘာစိုးရိမ်စရာမှ မရှိပါဘူး။ ကိုယ့်ဆန္ဒအတိုင်း မနက် နှစ်နာရီ(သို့)သုံးနာရီလောက်လည်း အပြင်ထွက်လည်ပတ်လို့ ရပါတယ်။ ဘယ်နေရာပဲသွားသွား၊ ဘာပြဿနာမှ မရှိပါဘူး”လို့ ပြောပါတယ်။
အော်စကာနဲ့ သူ့ရဲ့ဇနီးသည်ကိုယ်တိုင်လည်း အချို့ညတွေမှာ ကြယ်ငါးပွင့်အဆင့်ရှိ ရှန်ဟိုင်းပင်နီဆူလာဟိုတယ်ဆီ ကော့တေးသောက်ရင်း Night Out အရသာခံစားဖို့ ပျော်ပျော်ပါးပါးသွားရောက်လေ့ ရှိပါတယ်။
မြစ်ကမ်းနံဘေးဗဟိုပြု သာယာလှပတဲ့ ဘဝများ
-------------------------------------------
မရေမတွက်နိုင်တဲ့ အောင်မြင်မှုပုံရိပ်တွေနဲ့အတူ အော်စကာက ရှန်ဟိုင်းပို့စ်ကလပ်အသင်းအတွက် ကစားပေးဖို့ပဲ ရည်မှန်းထားခဲ့ပေမယ့် ဒီကာလတလျှောက် ချဲလ်ဆီးကြယ်ပွင့်ဟောင်းရဲ့ဘဝအတွက် ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် Huang Pu မြစ်လည်း ပါဝင်နေခဲ့ပါတယ်။
Instagram လူမှုကွန်ရက်စာမျက်နှာပေါ် လျှပ်တပြက်ထွက်ရှိလာတဲ့ ဓါတ်ပုံတစ်ခုမှာလည်း အော်စကာက Lego အရုပ်လေးတွေကို အသုံးပြုကာ ဘာစီလိုနာရဲ့နူးကမ့်ကွင်းပုံစံငယ်လေးတစ်ခု တည်ဆောက်ခဲ့မှုကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သူက မြို့ရဲ့အထင်ကရနေရာတွေဆီ သွားရောက်လည်ပတ်ရတာကို ကြိုက်နှစ်သက်ပါတယ်။
Huang Pu မြစ်က ရှန်ဟိုင်းမြို့ကြီးကို Pudong စီရင်စုနဲ့ Pux စီရင်စုအဖြစ် နှစ်ပိုင်းခွဲခြားထားပါတယ်။ နိုင်ငံရပ်ခြားခရီးသွားဧည့်သည်တွေလိုပဲ ဒေသခံအများစုက မြစ်ကြောင်းတလျှောက် အပျော်စီးလှေဖြင့် ခရီးထွက်ခွာရမှုကို ကြိုက်နှစ်သက်ကြသလို အခြားလှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်ကြလေ့ ရှိပါတယ်။
အော်စကာကိုယ်တိုင်လည်း ဇနီးသည်လူဒီအပါအဝင် မိသားစုဝင်တွေနဲ့ ဟန်ဂုမြစ်တလျှောက် အပျော်ခရီးထွက်ခွာခဲ့ဖူးပါတယ်။ ဒါ့အပြင် အော်စကာက သားဖြစ်သူနဲ့အတူ မြစ်ကြောင်းတလျှောက် ကနူးလှေဖြင့် ခရီးထွက်ခဲ့ဖူးပါတယ်။လွန်ခဲ့တဲ့တစ်လဝန်းကျင်လောက်တုန်းကတော့ အော်စကာက နောက်ထပ်ဘယ်အရပ်ဆီ ခရီးဆက်ရဦးမလဲဆိုတာ ကိုယ်တိုင်လည်း မသိရသေးပါဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
သူက “ကျွန်တော်တို့ဇနီးမောင်နှံလည်း ဘယ်အရပ်ဆီ ခရီးဆက်ရဦးမလဲဆိုတာ တိတိကျကျသိရဖို့ စိတ်စောနေကြပါတယ်။ ကျွန်တော်တို့တွေ ရှန်ဟိုင်းမြို့မှာနေထိုင်လာတာ ခုနစ်နှစ်၊ ရှစ်နှစ်လောက်ရှိပါပြီ။ အခုအပြောင်းအလဲကတော့ ကြီးမားလွန်းပါတယ်။ စောစောသိရတော့ ပိုကောင်းတာပေါ့”လို့ ပြောပါတယ်။ဘယ်အရပ်ဆီ အော်စကာထွက်ခွာသွားပါစေ၊ သူ့ရဲ့ရှန်ဟိုင်းလူနေထိုင်မှုဘဝက ရှင်းရှင်းလင်းလင်းကို ပျော်ရွှင်စရာကောင်းခဲ့တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီးပါပြီ။