The network connection is lost.

Banner Image

အမ်ဘာပေတစ်ဦးတည်းမဟုတ်ဘဲ ရီးရဲလ်မက်ဒရစ်တစ်သင်းလုံးရုန်းကန်နေရတယ်လို့ ဝန်ခံပြောကြားလာတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ကြုံတွေ့နေရတဲ့ တိုက်စစ်မှူး ခီလီယန်အမ်ဘာပေသာမက ရီးရဲလ်မက်ဒရစ်တစ်သင်းလုံး အကောင်းဆုံးပုံစံရဖို့ ရုန်းကန်နေရခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ပီအက်စ်ဂျီမှ ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာဲ့တဲ့ အမ်ဘာပေဟာ စပိန်မြေသို့ စတင်ရောက်ရှိကတည်းက အကောင်းဆုံးခြေစွမ်းပြသနိုင်ခြင်းမရှိသေးဘဲ ဝေဖန်မှုတွေနဲ့ မကြာခဏကြုံတွေ့နေရပါတယ်။

အသက်-၂၅ နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ကစားသမားဟာ အသင်းသစ်နဲ့အတူ လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားပေမယ့် လက်ရှိအချိန်မှာတော့ အသင်းရဲ့ကစားကွက်မှာ အံဝင်ခွင်ကျဖြစ်လို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ 

အမ်ဘာပေဟာ ဘယ်တောင်ပံတိုက်စစ်ကစားသမားတစ်ဦးဖြစ်ပေမယ့် အန်ဆယ်လော့တီရဲ့လက်အောက်မှာတော့ ဗဟိုတိုက်စစ်မှူးနေရာမှာ ပြောင်းလဲကစားနေရပြီး ပုံမှန်ခြေစွမ်းနဲ့ ဝေးကွာလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လီဗာပူးကို ၂-၀ နဲ့အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပြင်သစ်သားဟာ ပင်နယ်တီလွဲချော်ခဲ့တာကြောင့် ခြေစွမ်းပိုင်းသာမက စိတ်ဓာတ်ပိုင်းပါ အတော်ကျဆင်းသွားပုံပေါ်ပါတယ်။ 

သို့သော်လည်း အမ်ဘာပေတစ်ဦးတည်း ရုန်းကန်နေရခြင်းမဟုတ်ကြောင်းကို အန်ဆယ်လော့တီက “အမ်ဘာပေကြုံတွေ့နေရတဲ့ပြဿနာက ကျွန်တော်တို့ တစ်သင်းလုံး ကြုံတွေ့နေရတဲ့ပြဿနာပါပဲ။ ကျွန်တော်တို့အားလုံး အကောင်းဆုံးခြေစွမ်းရရှိဖို့ ရုန်းကန်နေရပါတယ်။ ပြဿနာက အသင်းတစ်သင်းလုံးနဲ့ သက်ဆိုင်နေတာပါ။ ကစားသမားတစ်ဦးချင်းနဲ့မဆိုင်ပါဘူး။ တိုးတက်လာဖို့ ကျွန်တော်တို့ တတ်နိုင်သလောက် ကြိုးစားသွားရပါမယ်။ အမ်ဘာပေက ဒီရာသီမှာ ၉ ဂိုးအထိသွင်းထားနိုင်ပါတယ်။ ပြီးတော့ ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်ထားနိုင်တဲ့ကစားသမားပါ။

အခုထက်ပိုကောင်းအောင်လည်း ကစားနိုင်ပါသေးတယ်” “သူ ဒီထက်ပိုကောင်းဖို့လိုအပ်တာကတော့ အမှန်ပါပဲ။ ဒါပေမယ့် အခြားကစားသမားတွေလည်း အတူတူပါပဲ။ ကျွန်တော်တို့အားလုံး သူ့ကိုပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ ပြီးတော့ စိတ်ရှည်ဖို့လည်း လိုအပ်ပါတယ်။ လာလီဂါမှာရှိနေတဲ့ ကျွန်တော်တို့ခြေစွမ်းကတော့ ပြီးခဲ့တဲ့ ၂ ပွဲမှာ တိုးတက်မှုရှိလာပါတယ်။ လီဗာပူးနဲ့ပွဲမှာ ကျွန်တော်တို့ တိုးတက်ဖို့လိုအပ်ခဲ့တာ‌တော့ အမှန်ပါပဲ။ ကစားသမားတွေ ဒဏ်ရာပြဿနာကြုံတွေ့နေတာကလည်းအသင်းရဲ့ဆုတ်ယုတ်မှုတစ်ခုဖြစ်ပါတယ်။ 

ဒါပေမယ့် နည်းနည်းချင်းစီတော့ ကြံ့ခိုင်မှုတွေပြန်ရလာပါပြီ။ မနက်ဖြန်ဆို ရိုဒရီ ပြန်ကစားနိုင်ပါလိ့မ်မယ်” လို့ပြောကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါပွဲစဉ်အဖြစ် ဂီတာဖေးနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လိဂ်မှာ နိုင်ပွဲဆက်နိုင်ဖို့ ကြိုးစားသွားရပါမယ်။