
သူ့ရဲ့အောင်ပွဲခံပုံစံကို အတုခိုးခဲ့တဲ့ဟွိုက်လန်းအား အပြစ်တင်ခြင်းမရှိတဲ့ ရော်နယ်ဒို
ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုက ဒိန်းမတ်ကိုရှုံးနိမ့်ခဲ့တဲ့ နေရှင်းလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ပြိုင်ဘက်တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းဟာ ဂိုးသွင်းယူပြီးနောက် သူ့ရဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့ပေမယ့် အပြစ်တင်ခြင်းမရှိဘဲ ဝမ်းသာတယ်လို့ ဆိုပါတယ်။
ပထမအကျော့မှာတော့ ပေါ်တူဂီဟာ ဒိန်းမတ်ကို ၁-၀ နဲ့အရေးနိမ့်ခဲ့တာကြောင့် ဒုတိယအကျော့မှာ မဖြစ်မနေအနိုင်ကစားသွားရတော့မှာဖြစ်ပြီး ရော်နယ်ဒိုက သူ့အနေနဲ့ ဒုတိယအကျော့မှာတော့ သူ့ရဲ့အောင်ပွဲခံပုံစံကို သူကိုယ်တိုင်ပြုလုပ်နိုင်ဖို့မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဟွိုက်လန်းဟာ ယခုပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ဒုတိယပိုင်းမှ စတင်ပါဝင်ကစားခဲ့ရတာဖြစ်ပြီး ကွင်းထဲသို့ရောက်ရှိပြီး ၁၂ မိနစ်အကြာမှာပဲ ဒိန်းမတ်အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဂိုးသွင်းယူပြီးနောက် ယူနိုက်တက်ကြယ်ပွင့်ဟာ ရော်နယ်ဒိုရဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့ပေမယ့် ပွဲအပြီးမှာတော့ သူ့အနေနဲ့ ရော်နယ်ဒိုကို လေးစားအားကျလို့သာ အခုလိုအောင်ပွဲခံခဲ့တာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဟွိုက်လန်းရဲ့အတုခိုးမှုနဲ့ပတ်သက်ပြီး ရော်နယ်ဒိုကတော့ “ဒါက ကျွန်တော့်အတွက် ကိစ္စမရှိပါဘူး။ ဒါက မလေးမစားလုပ်ရာလည်းမကျပါဘူး။ တစ်ကမ္ဘာလုံးက ဘောလုံးသမားတွေ ဒီလိုအောင်ပွဲခံနေတာ လေးစားမှုမရှိလို့တော့မဟုတ်ပါဘူး”
“ကျွန်တော်ဒါကိုတော့ ကောင်းကောင်းနားလည်ပါတယ်။ ကျွန်တော့်အတွက်ဒါက ဂုဏ်ယူစရာပါ။ မနက်ဖြန်ပွဲမှာတော့ ဒီလိုအောင်ပွဲခံမှုကို သူ့အရှေ့မှာ ကျွန်တော်ပြန်လုပ်ပြနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ရဲ့အောင်ပွဲခံပုံစံကို သူကြိုက်တဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်” လို့ပြောကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတော့ ပေါ်တူဂီနဲ့ ဒိန်းမတ်တို့ဟာဒုတိယအကျော့ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီတစ်ခေါက်မှာတော့ ရော်နယ်ဒိုတစ်ယောက် သူပြောထားတဲ့အတိုင်း အောင်ပွဲခံနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။