
ဂျိုတာကွယ်လွန်မှုအပြီး လီဗာပူးအသင်းသားတွေရဲ့ခွန်အားနဲ့ ရဲစွမ်းသတ္တိကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ အန်းစလော့
ပရီးမီးယားလိဂ်ရာသီသစ်မစတင်ခင်မှာပဲ ဂျိုတာရဲ့ကြေကွဲဖွယ်နာရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ သူ့အသင်းသားတွေ ပြသခဲ့တဲ့ ရဲစွမ်းသတ္တိကို လီဗာပူးနည်းပြအန်းစလော့က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အန်းစလော့က သူ့ရဲ့ကစားသမားတွေကို လာမယ့်တနင်္ဂနွေနေ့၊ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့် ကွန်မြူနတီဒိုင်းပွဲစဉ်အပါအဝင် ရောက်ရှိလာတော့မယ့် ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်အတွက် ပြင်ဆင်ပေးနေပါတယ်။ ဒီလိုပြင်ဆင်ပေးမှုတွေကို ကြေကွဲဖွယ်ဂျိုတာကွယ်လွန်မှုရဲ့အရိပ်အောက်မှာ ပြုလုပ်ခဲ့ရပါတယ်။ ဂျိုတာနဲ့ သူ့ညီ အန်ဒရေဆေးလ်ဗားတို့က ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုဖြစ်စဉ်အတွင်း ရုတ်တရက်ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့ပါတယ်။
နောက်ပိုင်းမှာ လီဗာပူးအသင်းက ဂျိုတာရဲ့ကျောနံပါတ်-၂၀ ကို ထာဝရအနားပေးခဲ့သလို အန်းဖီးလ်မှာ အမှတ်တရအစီအစဉ်တွေ ပြုလုပ်သွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။လီဗာပူးကစားသမားတွေကလည်း ဂျိုတာရဲ့နာရေးဆီ တက်ရောက်ခဲ့ကြပြီး အခုအချိန်မှာတော့ အန်းစလော့က အသင်းကစားသမားတွေရဲ့ နှလုံးသားနဲ့ ကြံ့ခိုင်မှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
အက်ဖ်အေဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် အန်းစလော့က “ အခုနွေရာသီဟာ အသင်းနဲ့ပတ်သက်သူတိုင်းအတွက် ခက်ခဲလွန်းခဲ့ပါတယ်။ ဂျိုတာကွယ်လွန်မှုက ကျွန်တော်တို့အပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုတစ်ခု ဖြစ်လာခဲ့ပြီး ဒါနဲ့ပတ်သက်လို့ဖြေရှင်းသွားရမယ့်အရာအချို့လည်း ရှိနေပါသေးတယ်။ ဂျိုတာရဲ့မိသားစုဝင်တွေ၊ သားသမီးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ ကြုံတွေ့နေရတဲ့နာကျင်မှုကို တွေးကြည့်လို့တောင် မရခဲ့ပါဘူး။ ပြီးတော့ ကလပ်အသင်းက သူတို့တွေအတွက် တက်နိုင်သမျှထောက်ပံ့ကူညီပေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဂျိုတာကွယ်လွန်မှုကြောင့် ကျွန်တော်တို့အပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုတစ်ခု ရှိခဲ့ပြီးပါပြီ။ ဒါပေမယ့် အရေးအကြီးဆုံးကတော့ ဘောလုံးလောကသားတွေရဲ့ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေကို ပြသပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လီဗာပူးအသင်းအသိုက်အဝန်းပေါ့။
ဆက်ပြီးတော့ ဒီမှာရှိနေတဲ့ ကျွန်တော့်ကစားသမားတွေရဲ့ခွန်အားနဲ့ ရဲစွမ်းသတ္တိအကြောင်းကိုလည်း ပြောပြချင်ပါတယ်။ သူတို့တွေက သူတို့ကိုယ်တိုင်တောင် မတွေးတောထားတဲ့ အခက်ခဲဆုံးအခြေအနေအောက် ရောက်ရှိသွားခဲ့ပေမယ့် ကွင်းတွင်းကွင်းပြင် စုစည်းညီညွှတ်မှုအပြည့်နဲ့ အတူတကွ ဖြတ်သန်းသွားခဲ့ပါတယ်။ ဒါကြောင့် ကစားသမားတွေကိုရော၊ ဒီကလပ်အသင်းကိုပါ အသိအမှတ်ပြုပေးရပါမယ်။ ဒီထက်ပိုပြီးတော့လည်း ကောင်လေးတွေကို မတောင်းဆိုနိုင်တော့ပါဘူး။ သူတို့အားလုံးအတွက် ကျွန်တော် အလွန်ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ ဘယ်ကိုပဲသွားသွား၊ ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာ၊ ကျွန်တော်တို့ရဲ့စိတ်ကူးတွေထဲမှာ ဂျိုတာ အမြဲတမ်းရှင်သန်နေပါလိမ့်မယ်”လို့ ပြောပါတယ်။
လီဗာပူးက ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မတိုင်ခင် လာမယ့်တနင်္ဂနွေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် ယှဉ်ပြိုင်ကစားရပါလိမ့်မယ်။