The network connection is lost.

Banner Image

ကစားသမားဘဝမှအနားယူပါက ဂွါဒီယိုလာရဲ့လက်ထောက်နည်းပြဖြစ်လာဖို့ ရည်ရွယ်ထားကြောင်း ဖွင့်ဟလာတဲ့ ဂန်ဒိုဂန်

မန်ချက်စတာစီးတီးကွင်းလယ်လူ ဂန်ဒိုဂန်က လက်ရှိအချိန်မှာတော့ ဘောလုံးကစားသမားဘဝမှ အနားယူဖို့ မစဉ်းစားသေးကြောင်းနဲ့ အနားယူပါက အသင်းနည်းပြ ပက်ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ဖို့ ရည်ရွယ်ထားကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

ဂျာမနီလက်ရွေးစင်ဟောင်း ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာမှ ထွက်ခွာလာခဲ့ပြီး အသင်းဟောင်း မန်စီးတီးနဲ့ ပြန်လည်လက်တွဲခဲ့တာဖြစ်ပါတယ်။ ဂန်ဒိုဂန်ဟာ မန်စီးတီးရဲ့ ၂၀၂၃ ခုနှစ် သမိုင်းဝင်ဆုဖလား ၃ လုံးအောင်မြင်မှုမှာ အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ 

ယခု မန်စီးတီးသို့ပြန်လည်ရောက်ရှိချိန်မှာလည်း ဂျာမန်သားဟာ အသင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပြီး ပုံမှန်ပွဲထွက်ကစားခွင့်ရနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် အသက်-၃၄ နှစ်အရွယ်ကစားသမားဟာ မန်စီးတီးနဲ့ ၂၀၂၅-၂၆ ရာသီအထိ စာချုပ်သက်တမ်းတိုးမြှင့်ထားခဲ့ပါတယ်။  ဂန်ဒိုဂန်နဲ့ ဂွါဒီယိုလာတို့ဟာ မန်စီးတီးအတွက် အတော်လေးအတွဲအဖက်မိတဲ့ ဆရာတပည့်တွေဖြစ်ခဲ့ကြပြီး ယခုအခါမှာလည်း ဂန်ဒိုဂန်က သူ့အနေနဲ့ ကစားသမားဘဝမှအနားယူပါက ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြဖြစ်လာဖို့ ရည်ရွယ်ထားကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ 

စွယ်စုံရကွင်းလယ်လူက "ဂွါဒီယိုလာရဲ့ လက်ထောက်လုပ်ဖို့ ကျွန်တော်အရမ်းစိတ်ဝင်စားပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ နည်းပြတစ်ယောက်ဖြစ်လာဖို့ ကျွန်တော့်စိတ်ကူးထဲမှာမရှိသေးပါဘူး။ ဘောလုံးကစားဖို့ပဲ စိတ်အားထက်သန်နေဆဲပါ။ နောက်ထပ် ၃-၄ နှစ်လောက်အထိ ကစားချင်ပါသေးတယ်" "ကျွန်တော်အခုချိန်မှာ ဘာကိုမှကြောက်ပါဘူး။ ခန္ဓာကိုယ်ကလည်း ကျန်းကျန်းမာမာရှိနေတုန်းပါ" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဂန်ဒိုဂန်က ဘာစီလိုနာမှ ထွက်ခွာခဲ့ရပုံကို ပြောကြားခဲ့ပြီး လက်ရှိဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်နဲ့ ဆွေးနွေးခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်ကစားသမားက "ဘာစီလိုနာကနေထွက်ခွာတာက ပိုကောင်းမယ်လို့တော့ ကျွန်တော်တွေးခဲ့မိပါတယ်။ ကလပ်ဘက်ကလည်း ကျွန်တော့်ကို ထွက်ခွာစေချင်ခဲ့ပါတယ်။ အဓိကအကြောင်းအရာကတော့ သူတို့ရဲ့ ဘဏ္ဍာရေးပြဿနာတွေကြောင့်ပါပဲ။ ဒါပေမယ့် သူတို့နဲ့အတူ ကောင်းမွန်တဲ့ရာသီတစ်ခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ကျွန်တော် ဟန်ဆီဖလစ်နဲ့တွေ့ဆုံပြီး ဆွေးနွေးချင်ခဲ့ပါသေးတယ်။ ဒါပေမယ့် မဆွေးနွေးခဲ့ရလို့လည်း ဘာမှမဖြစ်ပါဘူး။ သူတို့မှာက အခြားအစီအစဉ်တွေ ရှိနေပြီးသားပါ" လို့ပြောကြားခဲ့ပါတယ်။