
လာလီဂါချန်ပီယံဆုဆွတ်ခူးပြီးနောက် အပြောင်းအရွှေ့လှုပ်ရှားမှုအကြောင်း ဆွေးနွေးလာတဲ့ ဟန်စီဖလစ်ခ်
ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က နွေရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်ခင် သူ့ရဲ့အသင်းကို ဘယ်လိုပုံစံမျိုးနဲ့ အင်အားတောင့်တင်းအောင် ပြုလုပ်ချင်နေသလဲဆိုတာ ရှင်းရှင်းလင်းလင်းသိထားပြီးပြီလို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာနည်းပြဘဝအဖွင့်ရာသီမှာပဲ လာလီဂါ၊ ကိုပါဒယ်လ်ရေးနဲ့ စပိန်စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့လို့ အောင်ပွဲခံနေတဲ့ ဟန်စီဖလစ်ခ်က အနာဂတ်ကိုလည်း မပြတ်စောင့်ကြည့်နေပြန်ပါတယ်။
ဗီလာရီးရဲလ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး အပြောင်းအရွှေ့လှုပ်ရှားမှုတွေအကြောင်း မေးမြန်းလာမှုကို ဟန်စီဖလစ်ခ်က သူဘာလိုချင်နေသလဲဆိုတာ သူကိုယ်တိုင် သိရှိထားပြီး ကလပ်အသင်းနဲ့ဆွေးနွေးမှုတွေ လုပ်သွားဖို့ လိုအပ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က “ အနာဂတ်အတွက် ကျွန်တော်လိုချင်နေတဲ့အရာကို ရှင်းရှင်းလင်းလင်းသိထားပါတယ်။ ဒါကြောင့် ဒီအကြောင်းအရာကို ဒေကိုနဲ့ဆွေးနွေးသွားမယ်လို့ ကျွန်တော် ပြောထားပြီးသားပါ။ ဘာကြောင့်လဲဆိုတော့ ဒီလိုဆွေးနွေးနိုင်ဖို့ အချိန်လိုအပ်လို့ပါပဲ။ ပိုကောင်းအောင်လုပ်ရမယ့်အရာတွေ အမြဲတမ်းရှိနေပေမယ့် အဆုံးမှာတော့ ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။
သတင်းတွေမှာတော့ ဘာစီလိုနာက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက် အသင်းလူစာရင်းမှာ နောက်ခံအစွန်လူတစ်ဦး၊ ဗဟိုခံစစ်မှူးတစ်ဦးနဲ့ ဘယ်တောင်ပံကစားသမားတစ်ဦး ထပ်ပေါင်းထည့်သွားဖို့ လိုလားနေတယ်လို့ ဖော်ပြကြပါတယ်။
အသင်းဥက္ကဌလာပေါ်တာကလည်း ကစားသမားသစ်ခေါ်ယူနိုင်ရေးကိစ္စတွေအတွက် စိတ်အားထက်သန်မှုအပြည့်ရှိပေမယ့် ကလပ်အသင်းရဲ့ဘဏ္ဍာရေးဆိုင်ရာဖိအားတွေကြောင့် အပြောင်းအရွှေ့လှုပ်ရှားမှုတွေအတွက် သံသယတွေတော့ ကျန်ရှိနေဆဲပဲ ဖြစ်ပါတယ်။