
ဒုတိယအကျော့ပြန်လာနိုင်ဖို့ ခက်ခဲခဲ့ပြီဖြစ်ကြောင်း ဝန်ခံပြောကြားလာတဲ့ အန်ဆယ်လော့တီ
ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက မိမိတို့အသင်းဟာ အရာအားလုံးကို လွှင့်ပစ်လိုက်တာကြောင့် ဒုတိယအကျော့မှာ ပြန်လာနိုင်ဖို့ ခက်ခဲခဲ့ပြီဖြစ်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဒီကလန်ရိုက်စ်ရဲ့လှပသေသပ်တဲ့ဖရီးကစ်ကန်ချက် ၂ ကြိမ်အပါအဝင် မာရီနိုရဲ့သွင်းဂိုးတွေနဲ့အတူ ရီးရဲလ်အသင်းက ပထမအကျော့ အမ်းမရိတ်မှာ အာဆင်နယ်ကို ၃ ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ပါတယ်။
အီတလီသားက ပွဲအပြီးအင်တာဗျူးမှာ သူ့အသင်းဟာ နည်းစနစ်ပိုင်းအရ အာဆင်နယ်ကို မယှဉ်နိုင်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ အရာအားလုံးကို လွှင့်ပစ်သလိုဖြစ်ခဲ့ပါတယ်။ ပြန်လာနိုင်ဖို့ ခက်ခဲခဲ့ပြီး သူတို့အရည်အချင်းက အရမ်းကို မြင့်မားခဲ့သလို စုဖွဲ့မှုလည်း ကောင်းမွန်ပါတယ်။ သာမန်အားဖြင့် ဒီအသင်းက အဆုံးသတ်ခါနီးမှာ တိုးတက်လာတဲ့အသင်းပါ။ အဲ့တာက စိတ်ပျက်စရာပါ။
ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ဝေဖန်ရပါတယ်။ ပြီးတော့ လာမယ့်အပတ်မှာ ကျွန်တော်လုပ်နိုင်တာအားလုံးလုပ်ရပါမယ်။ နောက်တစ်ဆင့်တက်နိုင်ချေတော့ နည်းနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှ ၁၀၀% ကြိုးစားခွင့်ရှိနေပါတယ်။ ကျွန်တော်အားလုံးလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီပွဲရဲ့ဆိုးဝါးမှုကို ပြန်လည်တုံ့ပြန်ရမယ့်အခွင့်အရေးပါ။ ဒီနေ့ညပွဲကို ခင်ဗျားကြည့်လိုက်ရင်တော့ ဖြစ်နိုင်ချေမရှိပါဘူး။
ဒါပေမယ့် ဘောလုံးမှာက အရာအားလုံးပြောင်းလဲနေတာပါ။ ဘယ်သူမှ တည်ကန်ဘောကနေ ရိုက်စ် ၂ ဂိုးသွင်းနိုင်မယ်လို့ မထင်ပါဘူး။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ ယုံကြည်ဖို့လိုအပ်သလို အဲ့လိုဖြစ်လာမယ်လို့လည်း ယုံကြည်ရပါမယ်။ ဘာလို့လဲဆိုတော့ တစ်ချို့အချိန်တွေ ဘာနေဗျူးမှာ အများကြီးဖြစ်ပျက်ခဲ့တာတွေရှိပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ဒုတိယအကျော့အဖြစ် လာမယ့်ဧပြီလ ၁၆ ရက်နေ့မှကန်ရမှာဖြစ်ပြီး အာဆင်နယ်ရဲ့တိုက်စစ်ကို ဟန့်တားနိုင်ဖို့ လိုအပ်နေပါတယ်။