The network connection is lost.

Banner Image

၂ ဂိုးအသာရပြီးမှ အက်စတွန်ဗီလာကိုပြန်ရှုံးခဲ့လို့ ကစားသမားတွေအပေါ်စိတ်ပျက်မိကြောင်းပြောလာတဲ့ ဟာဇီလာ

ဘရိုက်တန်နည်းပြ ဖာဘီယန်ဟာဇီလာက ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအနေနဲ့ အက်စတွန်ဗီလာကို ၂-၀ နဲ့ဦးဆောင်ပြီးကာမှ ၃-၄ နဲ့ပြန်လည်အရေးနိမ့်ခဲ့တာကြောင့် ကစားတွေအပေါ်စိတ်ပျက်မိကြောင်း ပြောကြားလာခဲ့ပါတယ်။ 

၂ သင်းပေါင်း သွင်းဂိုး ၇ ဂိုးအထိရှိခဲ့တဲ့ ယခုပွဲစဉ်မှ ဘရိုကတန်ဟာ ပထမပိုင်း မိနစ် ၃၀ အတွင်းမှာပဲ အက်စတွန်ဗီလာကို ၂-၀ နဲ့ဦးဆောင်နိုင်ခဲ့တာဖြစ်ပေမယ့် အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိလို့ အိမ်ကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ 

ပွဲအပြီးမှာ ဟာဇီလာက "ဒီရလဒ်က ကျွန်တော်တို့အတွက် အတော်စိတ်ပျက်စရာကောင်းတဲ့ရလဒ်ပါ။ သေးငယ်တဲ့အချက်အလက်တွေက ပွဲကိုအဆုံးအဖြတ်ပေးခဲ့ပါတယ်။ ဘောလုံးပွဲတစ်ပွဲက မိနစ် ၉၀ ကြာပါတယ်။ ကျွန်တော်တို့ မိနစ် ၉၀ လုံးပုံစံကောင်းနဲ့ကစားနိုင်ဖို့လိုပါတယ်။ မိနစ် ၃၀ တည်းကစားနိုင်ရုံနဲ့ မလုံလောက်ပါဘူး"

"ကျွန်တော်တို့ ၂ ဂိုးအထိဦးဆောင်ပြီးမှာ ၂ ဂိုးပြန်ပေးလိုက်ရလို့ ၂-၂ ဖြစ်သွားပါတယ်။ ဒါပေမယ့် သူတို့ဘက်ကလည်း ဖွင့်တိုက်နေလို့ ကျွန်တော်တို့မှာ နောက်ထပ်ဂိုးတွေထပ်ရဖို့ အခွင့်အရေးတွေရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အကောင်းဆုံးစတင်နိုင်ခဲ့ပေမယ့် တည်ကန်ဘော ၂ ကြိမ်က ပွဲကိုအဆုံးအဖြတ်ပေးပြီး ကျွန်တော်တို့အရေးနိမ့်ခဲ့ရပါတယ်"

"၂-၄ အထိဖြစ်သွားခဲ့ပေမယ့် ကျွန်တော်တို့မှာယုံကြည်မှုရှိခဲ့လို့ လက်မလျှော့ခဲ့ပါဘူး။ ကစားသမားတွေ အတတ်နိုင်ဆုံးကြိုးစားခဲ့ကြတာကတော့ အပြုသဘောဆောင်တဲ့အချက်ပါ။ ကျွန်တော်တို့ဆက်လက်ယူဆောင်သွားရမယ့်အရာကလည်း ဒါပါပဲ"

"ဒီလိုတိုက်ပွဲမျိုးကို ကျွန်တော်တို့ရင်ဆိုင်နိုင်စွမ်းရှိတယ်ဆိုတာ သင်ယူခဲ့ရပါတယ်။ ဒါပေမယ့် သေးငယ်တဲ့အချက်အလက်လေးတွေအပေါ်မှာ ပိုကောင်းအောင်လုပ်နိုင်ခဲ့သင့်ပါတယ်။ ပွဲကိုခြုံပြီးသုံးသပ်ရမယ်ဆိုရင်တော့ အသင်းရဲ့စိတ်ဓာတ်နဲ့ အရှုံးမပေးတတ်တဲ့ အကျင့်စရိုက်က တကယ်ကိုအားရစရာကောင်းခဲ့ပါတယ်။ ဒီတော့ ဒီလိုအပြုသဘောဆောင်တဲ့အရာတွေကို ဆက်လက်ထိန်းသိမ်းသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ဘရိုက်တန်တိုက်စစ်မှူး စတီဖာနိုစ်ဇီမက်စ်က ဒဏ်ရာကြောင့် ပွဲအစ ၂၄ မိနစ်မှာပဲလူစားလဲခဲ့ရပြီး မနက်ဖြန်မှာ ဆေးစစ်မှုခံယူသွားရမယ်လို့သိရပါတယ်။ ဇီမက်စ်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ဟာဇီလာက "သူ့ရဲ့ဒဏ်ရာက အခြေအနေသိပ်ကောင်းတဲ့ပုံမပေါ်ပါဘူး။ ဒူးခေါင်းဒဏ်ရာကြောင့်လူစားလဲခံရတယ်ဆိုတာ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး" လို့အသိပေးပြောကြားခဲ့ပါတယ်။