The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဆက်လက်ဖိအားပေးသွားမယ်လို့ လီဗာပူးကို ဒီကလန်ရိုက်စ် သတိပေး

ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးကို ၅-၁ နဲ့ဂိုးပြတ်ချေမှုန်းပြီးနောက် အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးကို ဆက်လက်ဖိအားပေးသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် အာဆင်နယ်ဟာ အမှတ်ပေးဇယား ဒုတိယနေရာကနေ လီဗာပူးကို ၆ မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီကလန်ရိုက်စ်အနေနဲ့လည်း ယခုပွဲစဉ်မှာ အသင်းအတွက် ဂိုးဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ 

ပွဲအပြီးမှာ ရိုက်စ်က “ကျွန်တော်တို့ အဆုံးထိသွားမှာပါ။ ချန်ပီယံဆုအတွက် ဆက်လက်ဖိအားပေးသွားပါမယ်။ လီဗာပူးကိုကျော်ဖြတ်နိုင်ဖို့ အခြားအသင်းတွေကို အနိုင်ယူသွားရပါမယ်။ လီဗာပူးကလည်း အရမ်းကောင်းတဲ့အသင်းဖြစ်ပေမယ့် ကျွန်တော်တို့ကတော့ ဆက်လက်ဖိအားပေးသွားမှာပါ။ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးက ကျွန်တော်တို့ဆီကနေ ဆုဖလားကို ပွတ်ကာသီကာ လုယူသွားနိုင်ခဲ့ပါတယ်။ ဒါကို လက်ခံနိုင်ဖို့ အရမ်းပဲခက်ခဲခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ မန်စီးတီးကိုလည်း ဖြတ်ကျော်နိုင်ခဲ့ပါပြီ” လို့ပြောကြားခဲ့ပါတယ်။ 

ဘောလုံးဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးလ်နဲ့ ဂျေမီကာရေဂါတို့ကလည်း အခုလို အာဆင်နယ်ရဲ့နိုင်ပွဲဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲစဉ်တစ်ပွဲဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ကြပါတယ်။ နဗီးလ်က “အခုလိုရလဒ်မျိုးဖန်တီးနိုင်ခဲ့တာ အာဆင်နယ်အတွက် အရမ်းအရေးကြီးပါတယ်။ မီခေးလ်အာတီတာအနေနဲ့ ရာသီမကုန်ခင်မှာ အသင်းရဲ့အရှိန်ကို ချပစ်လို့မရပါဘူး။ လီဗာပူး ကျနေတဲ့အချိန်မှာ အဆင်သင့်ရှိနေရပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 

လီဗာပူးဂန္ထဝင် ကာရေဂါက “အာဆင်နယ်အတွက် အရမ်းကောင်းတဲ့ပွဲတစ်ပွဲပါ။ ချန်ပီယံဖြစ်ဖို့ဆိုရင် ဒီလိုနိုင်ပွဲတွေရရှိဖို့ လိုပါတယ်။ ပြီးတော့ ဝုဗ်နဲ့ပွဲမှာ ၁၀ ယောက်တည်းကစားပြီး အနိုင်ရခဲ့တာကလည်း ချီးကျူးစရာပါ။ ဒီနေ့ပွဲမှာလည်း ၂-၁ ဆိုတဲ့ရလဒ်နောက်ပိုင်း ခြေစွမ်းက တကယ်ကိုချီးကျူးစရာကောင်းခဲ့ပါတယ်။ လီဗာပူးဆီကနေ ထိပ်ဆုံးနေရာကို ပြန်ယူဖို့ ဒီအတိုင်းဆက်သွားနိုင်မှဖြစ်ပါမယ်” လို့ပြောကြားခဲ့ပါတယ်။