The network connection is lost.

Banner Image

ကွင်းလယ်ဒိုင်က ဂျာမနီကို ဘက်လိုက်ခဲ့တယ်လို့ ဝေဖန်လာတဲ့ ဟန်ဂေရီနည်းပြ

ဟန်ဂေရီလက်ရွေးစင်နည်းပြ မာကိုရော့စီက ယမန်နေ့ညက ဂျာမနီကို ၂-၀ နဲ့  ရှုံးနိမ့်ခဲ့ပြီးနောက် ဂျာမနီ သွင်းယူခဲ့တဲ့ ပထမဦးဆောင်ဂိုးမှာ ကွင်းလယ်ဒိုင်ရဲ့ ဘက်လိုက်မှုတွေ ပါဝင်နေတယ်လို့ ပြောကြားခဲ့ပြီး သွင်းဂိုးကိုခွင့်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်လာခဲ့ပါတယ်။

ဂျာမနီအတွက် အဆိုပါသွင်းဂိုးကို အသင်းခေါင်းဆောင် ဂန်ဒိုဂန်ရဲ့ ကြိုးစားအားထုတ်မှုမှတစ်ဆင့် ယာမယ်မူစီယာလာက သွင်းယူခဲ့တာဖြစ်ပြီး ဘောလုံးကို ရယူရာမှာ ဂန်ဒိုဂန်ဟာ ပြစ်ဒဏ်ကျူးလွန်သလိုဖြစ်ခဲ့ပါတယ်။ ဂန်ဒိုဂန်ဟာ ဟန်ဂေရီ  နောက်ခံလူ ဝီလီအော်ဘန်ကို နောက်ကနေတွန်းခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ တစ်စုံတစ်ရာပြစ်ဒဏ်သတ်မှတ်ပေးခဲ့ခြင်းမရှိပါဘူး။

ပွဲအပြီးမှာတော့ မာကိုရော့စီက “ကျွန်တော့်ရဲ့ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ ဘယ်ဒိုင်လူကြီးကိုမှ စောဒကမတက်ဖူးပါဘူး။ တစ်ခါမှလည်း ဆင်ခြေတွေမတောင်းဖူးပါဘူး။ ဒါပေမယ့် ဒီည ကွင်းလယ်ဒိုင်လုပ်ခဲ့တဲ့အရာကတော့…. ဘက်လိုက်တာလို့ပဲမြင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မာကိုရော့စီက “ကျွန်တော်တို့ဘက်က ကစားသမားက သိသိသာသာတွန်းခံခဲ့ရပေမယ့် ကွင်းလယ်ဒိုင်ကတော့ ဂိုးအဖြစ်ခွင့်ပြုခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ဘက်က ဒီလိုပုံစံမျိုးပြုလုပ်မိတဲ့အခါမှာတော့ သူ ဝီစီမှုတ်ပြီး ပြစ်ဒဏ်ဘောပေးခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မူစီယာလာရဲ့ဂိုးကို ကွင်းလယ်ဒိုင်က ခွင့်ပြုရာမှာ ကြားဝင်စွက်ဖက်ခဲ့ခြင်းမရှိတဲ့ VAR အရာရှိတွေကိုလည်း မာကိုရော့စီက ကျေနပ်ပုံမပေါ်ဘဲ စစ်ဆေးမှုက အလွန်တိုတောင်းခဲ့တယ်လို့ ဆိုခဲ့ပါသေးတယ်။ နောက်ဆုံးအနေနဲ့ “ကျွန်တော့်အမြင်အရဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဂျာမနီက ဒီပွဲမှာ နိုင်မှာသေချာပေမယ့် ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ကတော့ အတော်လေးဆိုးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။