အင်္ဂလန်အသင်းနည်းပြရာထူး ဆက်ခံရေးနဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားလာတဲ့ ဟိုဝီ
လစ်လှပ်နေတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြရာထူးနဲ့ ပတ်သက်လို့ ချိတ်ဆက်ဖော်ပြလာပြီးနောက် နယူးကာဆယ်နည်းပြဟိုဝီက ဒီရာထူးအတွက် ယှဉ်ပြိုင်မှုမှာ သူမပါဝင်ဘူးလို့ ငြင်းဆန်သွားခဲ့ပါတယ်။
နယူးကာဆယ်အသင်းရဲ့ ဂျာမနီနိုင်ငံ၊ ရာသီကြိုလေ့ကျင့်ရေးစခန်းအတွင်း Sky Sports နဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ အင်္ဂလန်နည်းပြရာထူးနဲ့ပတ်သက်တဲ့ ကောလာဟလတွေအပေါ် ဟိုဝီက တုံ့ပြန်လာပါတယ်။ အခုအစီအစဉ်မှာ ဟိုဝီက နယူးကာဆယ်အသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ဖို့ကသာ ဦးစားပေးကိစ္စဖြစ်ပြီး အင်္ဂလန်အသင်းအပါအဝင် အခြားအရာတွေက သူ့အတွက် အရေးမကြီးဘူးလို့ ရှင်းပြလိုက်ပါတယ်။
ဟိုဝီက အစောပိုင်းကာလတွေမှာ ချဲလ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာနဲ့အတူ အင်္ဂလန်အသင်းနည်းပြရာထူးအတွက် ချိတ်ဆက်ဖော်ပြခံခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။ ဘုန်းမောက်အသင်းကို တာဝန်ယူချိန်ကာလကတည်းက ဟိုဝီဟာ အနာဂတ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဖြစ်လာနိုင်တယ်လို့ ထင်ကြေးပေးမှုတွေ ရှိခဲ့ပါတယ်။ လက်ရှိမှာ အက်ဖ်အေဘက်ကလည်း နည်းပြသစ်ရာထူးအတွက် စံသတ်မှတ်ချက် ၇ ချက်အပါအဝင် အလုပ်လျှောက်လွှာခေါ်ယူမှုကြေညာချက်ကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
ဟိုဝီက “ကောလာဟလတွေကို ကျွန်တော် ဘာမှမသိပါဘူး။ ဒါကြောင့် ကျွန်တော့်အတွက်တော့ အတော်လေးကိုထူးဆန်းတဲ့ကိစ္စတစ်ခု ဖြစ်နေပါတယ်။ ကံကောင်းတာတစ်ခုကတော့ ကျွန်တော် ဂျာမနီနိုင်ငံဆီ ရောက်ရှိနေတာပါပဲ။ ဒါကြောင့် ခင်ဗျားတို့ကြားသိထားတဲ့အရာတွေကို တစုံတဦးက ကျွန်တော့်ဆီ ပြောပြတာ၊ မိုဘိုင်းဖုန်းမှတဆင့် သိရတာလောက်ပဲ ရှိပါတယ်။ နယူးကာဆယ်အသင်းနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ကတိကဝတ်တွေက မယိမ်းမယိုင်တည်မြဲနေဆဲပါပဲ။ ဒီကလပ်အသင်းဆီ ရောက်ရှိလာချိန်ကတည်းက ဒီကတိကဝတ်တွေ ရှိနေခဲ့တာပါ"
"ကျွန်တော့်အလုပ်ကိုလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကိုင်နေရသလို ကျွန်တော့်ဆီကနေ အကောင်းဆုံးပုံစံရရှိနိုင်ရေးအတွက် အထောက်အပံ့ကောင်းတွေ ရရှိနေတယ်လို့ ခံစားရပါတယ်။ ဒီကတိကဝတ်က ဘယ်တော့မှ မပြောင်းလဲပါဘူး။ အင်္ဂလန်လည်း အရေးမကြီးပါဘူး။ နယူးကာဆယ်ကသာ အရေးအကြီးဆုံးပါ။ ဒီအသင်းမှာ နည်းပြအဖြစ် လုပ်ကိုင်ခွင့်ရရှိလို့ ဂုဏ်ယူမိပါတယ်။ ဒီကလပ်အသင်းမှာစတင်တာဝန်ယူချိန်ကတည်းက အသင်းအပေါ်စီမံခန့်ခွဲရတဲ့အလုပ်ကို အချိန်တိုင်း ကြိုက်နှစ်သက်ခဲ့ပါတယ်။ ဒီကလပ်အသင်းမှာ ကာလရှည်အောင်မြင်မှု ရယူသွားဖို့အတွက်လည်း စိတ်အားထက်သန်နေပါတယ်”လို့ ပြောပါတယ်။
နယူးကာဆယ်အသင်းက ဂျာမနီနိုင်ငံမှ မကြာမီကာလအတွင်း ပြန်လည်ရောက်ရှိလာပြီး ဇူလိုင် ၂၇ ရက်၊ ဟူးလ်စီးတီးနဲ့ ရာသီကြိုခြေစမ်းပွဲစဉ် ယှဉ်ပြိုင်ကစားသွားပါမယ်။