
အသင်းကြီးတွေရဲ့ပစ်မှတ်စတားဟာ နယူးကာဆယ်ကနေ ထွက်ခွာနိုင်တယ်လို့ ဟိုဝီ အရိပ်အမြွက်ပြောကြား
နယူးကာဆယ်အသင်းနည်းပြ ဟိုဝီက အာဆင်နယ် နဲ့ လီဗာပူးတို့က စိတ်ဝင်စားနေတဲ့ နယူးကာဆယ်တိုက်စစ်မှူး အီဆက်အနေနဲ့ အခုနွေရာသီမှာ အသင်းကနေထွက်ခွာနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ အီဆက်ဟာ ဒီရာသီနယူးကာဆယ်ရဲ့အဓိကကစားသမားတစ်ဦးဖြစ်သလို ပြိုင်ပွဲစုံ ၂၇ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဆွီဒင်သားဟာ ဖေဖော်ဝါရီတုန်းက ကာရာဘောင်ဖလားရရှိခဲ့ရာမှာလည်း အဓိကနေရာကနေ ပါဝင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း အကူအညီပေးနေဆဲဖြစ်ပါတယ်။ အီဆက်ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် အာဆင်နယ် နဲ့ လီဗာပူးအသင်းအပါအဝင် ဥရောပထိပ်တန်းအသင်းတော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
အနာဂတ်မသေချာတဲ့အချိန်မှာပဲ ဟိုဝီက အီဆက်အနေနဲ့ အခုနွေရာသီမှာ အသင်းကနေထွက်ခွာနိုင်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ “ဘယ်ကစားသမားအတွက်မဆို ကျွန်တော် အာမခံချက်မပေးနိုင်ပါဘူး။ အီဆက်ရဲ့အနာဂတ်ကလည်း အတူတူပါပဲ။ ဒါပေမယ့် ကျွန်တော်ထိုင်နေပြီး ဘာမှမလုပ်ရင်တော့ အရူးလိုဖြစ်နေမှာပါ။
ကျွန်တော်တို့အသင်းရဲ့အဓိကကစားသမားတွေကို ဆက်ထိန်းထားချင်ပါတယ်။ ကျွန်တော် အရင်ကလည်းပြောဖူးပါတယ်။ ကျွန်တော်တို့အသင်းအတွက် အရေးပါတဲ့ကစားသမားတွေကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေသလို နောက်ထပ်ပိုကောင်းတဲ့ကစားသမားတွေကိုလည်း အသင်းဆီခေါ်ယူချင်ပါတယ်။
ဘာလို့လဲဆိုတော့ အသင်းရဲ့ရည်မှန်းချက်အပြင် လူတိုင်းက ဒီအသင်းရဲ့ရေရှည်အောင်မြင်မှုနဲ့ ချိတ်ဆက်နေတာကြောင့်ပါ။ အဲ့တာကလည်း ဒီလိုမျိုးဖြစ်နိုင်တဲ့နည်းလမ်းတစ်ခုပါ”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်ဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အဲဗာတန်နဲ့ရာသီပိတ်နောက်ဆုံးပွဲမှာ မဖြစ်မနေအနိုင်ရဖို့ လိုအပ်နေပါတယ်။