The network connection is lost.

Banner Image

ဝေဖန်မှုတွေအောက်ကျရောက်နေတဲ့ အရူဂျိုအတွက် အာပေးစကားဆိုလိုက်တဲ့ ဟန်စီဖလစ်ခ်

ဘာစီလိုနာအသင်းရဲ့ချန်ပီယံလိဂ်ရှုံးနိမ့်ထွက်ခွာမှုမှာ ခံစစ်ပိုင်းအမှားတွေ ထင်ထင်ရှားရှားကျူးလွန်မိခဲ့တဲ့ အရူဂျိုကို ဟန်စီဖလစ်ခ်က လူသိထင်ရှားအားပေးထောက်ခံလိုက်ပါတယ်။ အင်တာမီလန်နဲ့ရင်ဆိုင်ရတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း ပေးဆပ်မှုကြီးမားလှတဲ့ အရူဂျိုရဲ့အမှားတွေ ပေါ်ပေါက်လာပြီးနောက် ဟန်စီဖလစ်ခ်က ဥရုဂွေးဗဟိုခံစစ်မှူးကို ကာကွယ်ပေးခဲ့ပါတယ်။ အင်တာမီလန်ကို ဘာစီလိုနာတို့ ဦးဆောင်ထားချိန် လူစားဝင်လာတဲ့ အရူဂျိုက အီတာလျံကလပ်အတွက် သမိုင်းဝင် Comeback ဖြစ်စေမယ့် နောက်ကျဂိုးနှစ်ခုလုံးမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။

ဒါကြောင့် ဝေဖန်မှုလှိုင်းလုံးတွေက ခံစစ်မှူးဆီ ဦးတည်ရောက်ရှိလာပြီး အချို့ဆိုရင် ကစားသမားကို ရောင်းထုတ်သွားဖို့ပါ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဟန်စီဖလစ်ခ်ကတော့ ဗုဒ္ဓဟူးနေ့ရှုံးပွဲအတွက် အရူဂျိုတစ်ဦးတည်းမှာသာ တာဝန်မရှိဘူးလို့ ပြတ်ပြတ်သားသားပြောဆိုပြီး အရူဂျိုနဲ့ပတ်သက်လို့ စည်းလုံးညီညွှတ်မှုကို လူသိထင်ရှားပြသခဲ့ပါတယ်။

လတ်တလောကာလတွေအတွင်း အရူဂျိုရဲ့အမှားတွေက ဘာစီလိုနာအသင်းခံစစ်ပိုင်းအားနည်းချက်ကို ပြတ်ပြတ်သားသားမြင်တွေ့ရစေပြီး အသင်းနောက်တန်းအပေါ် ယခင်ကထက် ပိုမိုစိစစ်မှုတွေ ရှိလာခဲ့ပါတယ်။ အခုလိုထင်ရှားလှတဲ့အမှားအယွင်းတွေကြောင့် အသင်းလူစာရင်းအတွင်း အရူဂျိုရဲ့ရပ်တည်မှုအပြင် ဟန်စီဖလစ်ခ်လက်အောက် နည်းစနစ်ပိုင်းအပြောင်းအလဲမှာ ကစားသမားကိုယ်တိုင် အံဝင်ခွင်ကျရှိပါ့မလားဆိုတဲ့ ဆွေးနွေးငြင်းခုံမှုတွေ အပြင်းအထန်ပေါ်ပေါက်လာခဲ့ပါတယ်။

အက်စ်ပန်ညိုနဲ့ကစားရမယ့်ပွဲစဉ်မတိုင်ခင် ဟန်စီဖလစ်ခ်က “ အရူဂျိုနဲ့ကျွန်တော် စကားပြောပြီးပါပြီ။ မီလန်မှာ ကျွန်တော်တို့အားလုံး အမှားတွေ ကျူးလွန်မိပါတယ်။ ဘဝဆိုတာ ဒါပါပဲ။ ယေဘုယျအားဖြင့် ဘယ်လိုအသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်ပါစေ၊ ကျွန်တော်တို့အားလုံး တချိန်ချိန်မှာ ကျရှုံးရပါလိမ့်မယ်။ ကျွန်တော်တို့အားလုံး အခုလိုအခြေအနေမျိုးကို ကြုံတွေ့ဖူးသလို  ဒါကိုဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ သိထားဖို့သာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော် အရူဂျိုကို ကာကွယ်ပေးချင်တာပါ။ အမှားတစ်ခုကျူးလွန်ခဲ့ဖူးသူဆိုတာ သူတစ်ဦးတည်း မဟုတ်ပါဘူး”လို့ ပြောပါတယ်။

လတ်တလောအယ်လ်ကလက်စီကိုမှာ ခါးသီးပြိုင်ဘက်ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီးနောက် ဘာစီလိုနာက ပြည်တွင်းဆုဖလားသုံးလုံးအောင်ပွဲနဲ့အတူ အခုဘောလုံးရာသီကို ပိတ်သိမ်းနိုင်ဖို့ အတော်လေးနီးစပ်လာပါတယ်။ တဖက်မှာလည်း အရူဂျိုရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထင်ကြေးပေးမှုများစွာ ဆက်ရှိနေပြီး အခုနွေရာသီမှာပဲ လျှော့ဈေးဖြင့် ဥရုဂွေးလက်ရွေးစင်ကို ရောင်းချသွားရန် ဘာစီလိုနာအသင်း ဆုံးဖြတ်ထားတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါရှိပါတယ်။