The network connection is lost.

Banner Image

သီယာဂိုဆေးလ်ဗားနဲ့ ပြန်လည်ဆုံတွေ့ရမှုအပေါ် စိတ်လှုပ်ရှားနေတဲ့ ကူကူရယ်လာ

ချဲလ်ဆီးဘယ်အစွန်နောက်ခံလူ ကူကူရယ်လာက ဖလူမီးနိစ်နဲ့ရင်ဆိုင်ရမယ့် ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မတိုင်ခင် ကလပ်အသင်းဖော်ဟောင်း သီယာဂိုဆေးလ်ဗားကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ ဖလူမီးနိစ်တို့က ဥရောပဟဲဗီးဝိတ်တွေဖြစ်တဲ့ ပီအက်စ်ဂျီ(သို့)ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့် ဇူလိုင် ၁၃ ရက်ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ဖို့ ကလပ်ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ စီးချင်းထိုးသွားရပါမယ်။ ဒါပေမယ့် ပထမဦးဆုံးတော့ သီယာဂိုဆေးလ်ဗားက သူ့အပေါ် ချီးကျူးဂုဏ်ပြုသွားတဲ့ ကူကူရယ်လာအပါအဝင် ချဲလ်ဆီးအသင်းဖော်ဟောင်းများစွာနဲ့ ဆုံတွေ့သွားရပါလိမ့်မယ်။

အသက်-၄၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သီယာဂိုဆေးလ်ဗားက အခုပြိုင်ပွဲတလျှောက်လုံး ဖလူမီးနိစ်ကို အကောင်းဆုံးဦးဆောင်ပေးကာ ဆီမီးဖိုင်နယ်အဆင့်ဆီ ပို့ဆောင်ပေးထားနိုင်ပါတယ်။ သူတို့တွေက အယ်လ်ဟီလယ်ကို အနိုင်ရရှိတဲ့ ကွာတားဖိုင်နယ်မတိုင်ခင် ဥရောပထိပ်သီးတွေဖြစ်တဲ့ အင်တာမီလန်၊ ဒေါ့မွန်တို့နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်တွေမှာ Clean Sheet ရရှိအောင်စွမ်းဆောင်နိုင်ခြင်းအပါအဝင် ကလပ်ကမ္ဘာ့ဖလားပွဲစဉ်ငါးခုမှာ ပေးဂိုးသုံးဂိုးသာ ခွင့်ပြုထားရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ဘရာဇီးကလပ်အသင်းဆီ ဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာတဲ့ ပီအက်စ်ဂျီနဲ့ အေစီမီလန်ခံစစ်မှူးဟောင်းက သူ့ရဲ့ငယ်ဘဝကလပ်အသင်းကို အံ့မခန်း Clean Sheet တွေနဲ့အတူ တန်းဆင်းဇုန်မှရုန်းထွက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ အခုဘောလုံးရာသီမှာလည်း ဖလူမီးနိစ်က ဝါရင့်သီယာဂိုဆေးလ်ဗားရဲ့ဦးဆောင်မှုဖြင့် အမှတ်ပေးဇယားဆဋ္ဌမနေရာမှာ ရပ်တည်နေပါတယ်။

ကူကူရယ်လာက “ ဖလူမီးနိစ်ရဲ့ပွဲစဉ်အချို့ကို ကျွန်တော်တို့ ကြည့်ရှုဖူးပါတယ်။ သူတို့မှာ စိတ်ပိုင်းဖြတ်မှုအရမ်းကောင်းတဲ့ ကစားသမားကောင်းတွေ ရှိသလို သီယာဂိုဆေးလ်ဗားလည်း ရှိပါတယ်။ သီယာဂိုဆေးလ်ဗားဆိုတာ ဘောလုံးလောကရဲ့ဂန္တဝင်တစ်ဦး၊ ထိပ်တန်းကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူက ထိပ်တန်းကလပ်အသင်းကြီးတွေအတွက်ပဲ ကစားခဲ့ဖူးပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာလည်း ကျွန်တော့်ဆီ သူက လာမယ့်ရက်ပိုင်းအတွင်း မင်းတို့နဲ့ ဆုံချင်တယ်ဟေ့ဆိုပြီး မက်ဆေ့ချ်ပို့ခဲ့ပါတယ်။ ကျွန်တော်လည်း သူ့ဆီ အခုတော့ သူနဲ့ပြန်ဆုံတွေ့ဖို့ အခွင့်အလမ်းရှိလာပြီ၊ ဒီပွဲစဉ်ကိုအနိုင်ရရှိဖို့ အကောင်းဆုံးလုပ်နိုင်မယ်လို့ မျှော်လင့်ထားတယ်၊ နိုင်ပွဲရရှိပြီး ဖိုင်နယ်မှာ ကိုယ်လိုချင်တဲ့အရာကို အရယူနိုင်ဖို့လည်း ပြင်ဆင်ထားတယ်လို့ စာပြန်ပို့ခဲ့ပါတယ်။

ဖလူမီးနိစ်က အဆင့်အတန်းအရမ်းမြင့်တဲ့ အသင်းတစ်ခုပါ။ သူတို့တွေက အခုလိုအဆင့်အတန်းမျိုးအထိ ဘာကြောင့်ရောက်ရှိလာသလဲဆိုတာ ပြိုင်ပွဲကာလအတွင်းမှာ ပြသထားခဲ့ပါတယ်။ အခုအချိန်အထိ ကျွန်တော်တို့က ဘရာဇီးကလပ်အသင်းနှစ်ခုနဲ့ ရင်ဆိုင်ကစားခဲ့ပြီး လတ်တလောမှာတော့ တတိယမြောက် ဘရာဇီးကလပ်အသင်းနဲ့ ရင်ဆိုင်သွားရပါမယ်။ သူတို့တွေလည်း အဆုံးအထိ တိုက်ပွဲဝင်သွားမှာပါ။ သာမန်အခြေအနေမျိုးမဟုတ်ဘဲ တောင်အမေရိကအခြေစိုက်ကလပ်အသင်းတွေနဲ့ ရင်ဆိုင်ကစားရတဲ့ အတွေ့အကြုံနဲ့ နောက်ဆုံးအဆင့်တွေဆီ တက်လှမ်းလာရခြင်းအတွက် ပျော်ရွှင်ကျေနပ်မိပါတယ်။ ခြုံပြောရရင်တော့ ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ပျော်ရွှင်နေပါတယ်”လို့ ပြောပါတယ်။

ကူကူရယ်လာရော၊ သီယာဂိုဆေးလ်ဗားပါ ချဲလ်ဆီးနဲ့ ဖလူမီးနိစ်တို့ရင်ဆိုင်ရချိန် အနိုင်ရလဒ်ရရှိဖို့ မျှော်လင့်နေပါလိမ့်မယ်။ အသင်းနှစ်ခုလုံးအတွက်လည်း ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကြီးကိုင်မြှောက်နိုင်မယ့် အလားအလာနဲ့ တဖြည်းဖြည်းနီးစပ်လာနေပါပြီ။ ချဲလ်ဆီးက နည်းပြအန်ဇိုမာရက်စ်ကာလက်အောက် ပြီးပြည့်စုံတဲ့ဘောလုံးရာသီတစ်ခုဖြစ်လာဖို့ မျှော်လင့်နေသလို ဖလူမီးနိစ်ကလည်း ၂၀၁၂ ခုနှစ်နောက်ပိုင်း၊ ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုဆွတ်ခူးနိုင်တဲ့ ပထမဆုံးဘရာဇီးကလပ်အသင်းအဖြစ် အောင်ပွဲခံနိုင်ဖို့ ရည်မှန်းထားပါလိမ့်မယ်။