
ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် အရေးကြီးပွဲစဉ်မတိုင်ခင် ဒဏ်ရာပြဿနာထိုးနှက်ချက်တစ်ခုအကြောင်း ဖွင့်ဟလာတဲ့ အန်းစလော့
လီဗာပူးက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂါလာတာစာရေးကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ရုံသာမက ပွဲစဉ်အပြီး ကြီးမားတဲ့ပြဿနာတစ်ရပ်နဲ့လည်း ထပ်မံရင်ဆိုင်သွားရဖို့ ရှိလာခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာ ကြိုးကြာနီတွေရဲ့အားထားရတဲ့ဂိုးသမား အလီဆင် ဒဏ်ရာရရှိခဲ့ပြီး ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်သွားပါလိမ့်မယ်။
အခုအချိန်အထိတော့ လီဗာပူးက ဂိုးသမားရဲ့အခြေအနေအသေးစိတ်ကို မထုတ်ပြန်ထားပေမဲ့ လန်ဒန်ကလပ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်ကို ဘရာဇီးသား သေချာပေါက်လွဲချော်သွားလိမ့်မယ်လို့ အန်းစလော့ကိုယ်တိုင် အတည်ပြုလာခဲ့ပါတယ်။ လီဗာပူးနည်းပြက “ ဒီလိုပုံစံမျိုးနဲ့ ထွက်ခွာလာမယ်ဆိုရင် အပေါင်းလက္ခဏာဆောင်တဲ့ကိစ္စ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ စနေနေ့ပွဲစဉ်ကိုလည်း သူမကစားနိုင်ဘူးဆိုတာ သေချာပါတယ်။
အလီဆင်ရဲ့အခြေအနေပြန်ကောင်းလာဖို့ အချိန်ဘယ်လောက်ယူရမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ ဒါပေမဲ့ လာမယ့်စနေနေ့ပွဲစဉ်မှာ သူ သေချာပေါက်မကစားနိုင်ပါဘူး”လို့ ပြောပါတယ်။ ဘရာဇီးသားက အခုဘောလုံးရာသီ၊ လီဗာပူးအသင်းရဲ့အကောင်းဆုံးကစားသမားတွေအနက် တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူက ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ လက်စွမ်းပြခဲ့သလို ဂါလာတာစာရေးနဲ့ ပွဲစဉ်မှာလည်း အထင်ကြီးလောက်စရာကောင်းအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ချဲလ်ဆီးနဲပွဲစဉ်အတွက် သူ့ကိုဆုံးရှုံးရတာ လီဗာပူးအတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် လီဗာပူးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတယ်ဆိုပေမဲ့ ချဲလ်ဆီးနဲ့ပွဲစဉ်အပါအဝင် လာမယ့်နိုင်ငံတကာသီတင်းပတ်အပြီးမှာ ပွဲကျပ်ကာလကို ဖြတ်သန်းရဖို့ ရှိနေပါတယ်။