The network connection is lost.

Banner Image

ပက်ဂွါဒီယိုလာက သူ့အတွက် အိပ်မက်ဆိုးပါပဲလို့ ချီးကျူးဂုဏ်ပြုခဲ့တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီက မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် အရေးကြီးပွဲစဉ်မတိုင်ခင် ပက်ဂွါဒီယိုလာရဲ့အသင်းတစ်ခုနဲ့ ရင်ဆိုင်ဖို့ပြင်ဆင်ရတာ အိပ်မက်ဆိုးတစ်ခုလိုပဲလို့ ပြောပါတယ်။ ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပထမအကျော့အဖြစ် မန်ချက်စတာမြို့ဆီ ရောက်ရှိလာမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ခရီးစဉ်မတိုင်ခင် နည်းပြအန်ဆယ်လော့တီက ပက်ဂွါဒီယိုလာရဲ့ဆန်းသစ်တီထွင်မှုတွေဟာ ဘောလုံးလောကအတွက် အကျိုးများစွာဖြစ်ထွန်းစေခဲ့တယ်လို့ သုံးသပ်ရင်း စပိန်သားကို ဘောလုံးလောကရဲ့ထိပ်တန်းနည်းပြတစ်ဦးအဖြစ် သတ်မှတ်ခေါ်တွင်ခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်ဆယ်လော့တီက “ ကျွန်တော်ပြောနိုင်တဲ့အရာကတော့ ပက်ဂွါဒီယိုလာဆိုတဲ့နည်းပြဟာ ဘောလုံးလောကအတွက် အများကြီးထောက်ပံ့ကူညီပေးခဲ့သူတစ်ဦး ဖြစ်တယ်ဆိုတာပါပဲ။ သူ့ရဲ့ဘောလုံးပိုင်ဆိုင်မှုအသားပေးကစားဟန်၊ တိုက်စစ်ဆင်ပုံ၊ ဖိအားပေးပုံတွေနဲ့ ခံစစ်မှစပြီး ဖောက်ထွက်ပုံတွေမှာပေါ့။ သူက ဘောလုံးလောကရဲ့ဆန်းသစ်တီထွင်လမ်းသစ်ဖောက်လုပ်သူ တစ်ဦးဖြစ်ပြီး သူ့ကို ကျွန်တော် အလွန်လေးစားမိပါတယ်။ သူက အကောင်းဆုံးမဟုတ်ရင်တောင် အကောင်းဆုံးတွေထဲမှာ ပါဝင်ပါတယ်။ 

ကျွန်တော်တို့တွေ ထိပ်တိုက်ရင်ဆိုင်ရချိန်တိုင်း အဲ့ဒီပွဲစဉ်တွေအတွက် ပြင်ဆင်ရတာ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ပက်ဂွါဒီယိုလာဆီမှာ အကြံအစည်တွေ အမြဲတမ်းရှိနေလို့ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ အခုပွဲစဉ်က လတ်တလောဥရောပဘောလုံးလောကရဲ့ချန်ပီယံဆုရှင်နည်းပြနှစ်ဦးထိပ်တိုက်တွေ့ဆုံမယ့် ဟဲဗီးဝိတ်တွဲဆိုင်းတစ်ခု ဖြစ်လာပါတယ်။ အခုတစ်ကြိမ်တွေ့ဆုံမှုမှာ မန်စီးတီးရဲ့အခုရာသီရုန်းကန်ရမှုတွေကြောင့် ရီးရဲလ်မက်ဒရစ် နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ ရေပန်းစားနေပေမယ့် အန်ဆယ်လော့တီကတော့ ပက်ဂွါဒီယိုလာရဲ့အကြံအစည်တွေ ဘယ်လိုရှိလာဦးမလဲဆိုတာ သတိထားစောင့်ကြည့်နေပါလိမ့်မယ်။

မန်စီးတီးက အခုညပိုင်း၊ ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပွဲစဉ်ကို ဧည့်ခံကစားပြီးနောက် လာမယ့်သီတင်းပတ်၊ ဗုဒ္ဓဟူးနေ့ဒုတိယအကျော့ပွဲစဉ်အတွက် စပိန်နိုင်ငံဆီ ခရီးထွက်ခွာပါလိမ့်မယ်။